စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူများ နေထိုင်သော ကုန်းကြီးရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများနှင့် ခင်ဦးမြို့နယ် ပအဖ အဖွဲ့တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ဇန်နဝါရီလ ၅ ရက်နေ့ ည ၈ နာရီ ၂၈ မိနစ်ခန့်တွင် ခင်ဦးမြို့နယ် အရှေ့ခြမ်းတွင် စစ်ဘေးရှောင်ပြည်သူများနေထိုင်သော ကုန်းကြီးရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူ ၃ ဦး သေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“သပိတ်ကျင်းမြို့နယ်ဘက်ကနေ စစ်ရှောင်လာနေကြတဲ့ ရွာစာသင်ကျောင်းကို ကျဲချသွားတာ သေဆုံးတာက အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၁ ယောက် စုစုပေါင်း ၃ ယောက် သေဆုံးတယ်။ ဒဏ်ရာရတဲ့သူတွေကတော့ ၁၀ ဦးထက်မနည်းရှိတယ်။ ဗုံးကျဲချသွားတာက ပေါင် ၅၀၀ ဗုံး ၁ လုံးနဲ့ Rocket ၁ လုံးပစ်ချသွားတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။
ခင်ဦးမြို့နယ် ဧရာဝတီ မြစ်တစ်ဖက်ကမ်းရှိ သပိတ်ကျင်းမြို့နယ် အတွင်း၌ စစ်တပ်နှင့် ပြည်သူကာကွယ်ရးတပ်များ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေသောကြောင့် ဒေသပြည်သူများသည် ခင်ဦးမြို့နယ်ဘက်ကို စစ်ဘေးတိမ်းရှောင်နေသော ပြည်သူများကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ ရှင်းလင်းရေးနဲ့ ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ပေးနေပါတယ်။ ဒဏ်ရာရသူတွေလည်းများတော့ အခုဆေးကုသဖို့ လုပ်ဆောင်နေပါတယ်” ဟု ခင်ဦးမြို့နယ် ပအဖ အဖွဲ့တစ်ဦးကလည်း ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။
အလားတူ ခင်ဦးမြို့နယ် အရှေ့ခြမ်း၊ ကုန်းကြီးရွာ ဝန်းကျင်ကို ဒီဇင်ဘာလ ၁၈ ရက်နေ့နှင့် ဒီဇင်ဘာ ၂၇ ရက်နေ့တို့တွင်လည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- ဒီဇင်ဘာလအတွင်း ခင်ဦးမြို့နယ်အတွင်းသို့ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးမှုများ။ (ပုံအဟောင်းများကို အသုံးပြုထားပါသည်။)







