မကွေးတိုင်း၊ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်အစပ် ရှိ ၀ယ်တောင် မြောက်တော ဆေးခန်းကို အကြမ်းဖက် စစ်တပ် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ရာ ဆေးခန်း အဆောက်အဦးများ ပျက်စီးသွားခဲ့ကြောင်း ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၆ ရက်နေ့ နံနက်ပိုင်း မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာသော ဂျိုင်ရိုကော်ပတာ ၃ စီးဖြင့် ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ် အစပ်ရှိတဲ့ ၀ယ်တောင် မြောက်တော ဆေးခန်းကို ဗုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါလေ ကြောင်းတိုက်ခိုက်မှုအတွင်း ဆေးခန်း အဆောက်အဦ ပျက်စီးသွားခဲ့ကြောင်းသိရှိရသည်။
” စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်အစပ် ၀ယ်တောင် မြောက်တော ဆေးခန်းကိုကျဲသွားတယ်။ ပြည်သူတွေ ထိခိုက်ဒဏ်ရာ ရတာမျိုး မရှိဘဲ ဆေးခန်း အဆောက်အအုံတစ်ခုကတော့ ပျက်စီး သွားတယ်။စစ်ခွေးတွေက ၂ ကြိမ်ကျဲတာပါ။ ဗုံး ၂လုံးနဲ့ ကျဲတာပါ။ ၁လုံးပဲကွဲသွားတယ်” ဟု ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင်က ပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ကုန်းရွာကျေးရွာ သုဿန်ကိုလည်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဇန်နဝါရီလ ၅ ရက်နေ့ မွန်းလွဲ ၃နာရီ ၃၀မိနစ်ခန့်အချိန် မုံရွာမြို့နယ် နမခ မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ Gyrocopter ၃စီးဖြင့် ယင်းမာပင်မြို့နယ် ကုန်းရွာကျေးရွာ သုဿန်ကို လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါလေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။
“မနေ့ကဆေးရုံကိုချသွားတယ်။ ဒီနေ့ကျတော့ ကုန်းရွာကိုချသွားတာပါ။ စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ မွန်းလွဲ ၃နာရီခွဲဝန်းကျင်လောက်ပါ။ မနေ့ကဒီကောင်တွေဆေးရုံ ကိုချသွားတာ ဆရာဝန်တစ်ယောက်သေတယ်။ ဒီနေ့ကဆရာဝန်ရဲ့နာရေးလုပ်တာ။ အဲဒါတာကို ထပ်ပြီးလာချသွားတာပါ။ ချသွားတာတော့၂ ခါချသွားတယ်။ နာရေးကတော့ကုန်းရွာမှာလုပ်တာ”ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။







