မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်နှင့် ဆောမြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ၃ ရက်ဆက်တိုက် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၃ လုံးပျက်စီးပြီး စပါးတင်း ၆၀၀ ကျော်လည်း ပျက်စီး ဆုံးရှုံးခဲ့ကြောင်း ယောအလင်းတန်းမှ ကိုမင်းဒဿက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြော ကြားသည်။
ယနေ့ ဇန်နဝါရီလ ၆ ရက် မွန်းတည့် ၁၂ နာရီခန့်က ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ တောင်ခင်ရန်း ကျေး ရွာကို တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးသီး ၃ လုံးကျဲချ တိုက်ခိုက်ခဲ့ ကြောင်း၊ ယမန်နေ့ ဇန်နဝါရီလ ၅ ရက် နံနက်အစောပိုင်း ၁ နာရီ ၁၅ မိနစ်ခန့်ကလည်း ဂျက်ဖိုက် တာ တစ်စီးဖြင့် တောင်ခင်ရန်းကျေးရွာကို ဗုံးကျဲတိုက်ခိုက်ခဲ့ရာ လူနေအိမ် ၃ လုံးထက်မနည်း ပျက်စီး ပြီး သိုလှောင်ထားသော စပါးတင်းရေ ၆၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
အလားတူ ဇန်နဝါရီလ ၄ ရက်နေ့ကလည်း နံနက်ပိုင်းတွင် တစ်ကြိမ်၊ နေ့လည်ပိုင်းတွင် ၁ ကြိမ် ဂျက် တောင်ခင်ရမ်းကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အပြင် Y12 ဘက်စုံသုံး လေယာဉ်ဖြင့်လည်း ဗုံးသီး အလုံး ၈၀ ခန့်ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ဆောမြို့နယ်၊ ကျောက်ထုဒေသဘက်တွင် ယနေ့ ဇန်နဝါရီလ ၆ ရက် နံနက် ၉ နာရီ ၂၀ မိနစ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်တပ်က Y12 လေယာဉ်ဖြင့် ဗုံးသီး ၇၅ လုံးခန့် ကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“တောင်ခင်ရမ်းမှာပဲ ထိခိုက်ပျက်စီးမှုရှိပါတယ်။ လူထိခိုက်မှုမရှိပါဘူး ။ နေအိမ် ၃ လုံးထက်မနည်း ပျက်စီးတယ်၊ စပါးတင်း ၆၀၀ ကျော်လည်း ဆုံးရှုံးတယ်။ ကျန်တဲ့နေရာတွေက ထိခိုက်ပျက်စီး မှုမရှိပါ ဘူး။ လတ်တလော စစ်အုပ်စုက ယောနယ်ကို ၃ ရက်ဆက်တိုက်လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်ထား ပါတယ်” ဟု ယောအလင်းတန်းမှ ကိုမင်းဒဿက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြား သည်။
ယောဒေသတွင်းအတွင်းရှိ မိဘပြည်သူများနှင့် တော်လှန်ရေးအင်အားစုများ အနေဖြင့် အကြမ်းဖက် စစ်တပ်၏ လေကြောင်းရန်ကို အထူးသတိထားနေထိုင်ပေးကြပါရန် ယောအလင်းတန်းက တိုက် တွန်းထားသည်။
ဓာတ်ပုံ- ယမန်နေ့က လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော တောင်ခင်ရန်းရွာက လူနေအိမ်များ ။







