24 C
Yangon

စစ်တပ်၏ လွတ်လပ်ရေးနေ့ လွတ်ငြိမ်းသက်သာခွင့်တွင် ပြန်/ဝန်ဟောင်း ဦးရဲထွဋ် မှလွဲ၍ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ခြင်း မရှိ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၆

အကြမ်းဖက်စစ်အုပ်စုက လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့သော်လည်း လွတ်မြောက်လာသူများထဲတွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်မှုမရှိသလောက် နည်း ပါးခဲ့ပြီး နိုင်ငံရေးပုဒ်မဖြင့် အကျဉ်းကျခံခဲ့ရသူ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် တစ်ဦးတည်းသာ လွတ်မြောက်လာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဗဟိုဦးဆောင် ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ၏ စောင့်ကြည့်လေ့လာချက်များအရ ကချင်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ အကျဉ်းထောင်များတွင် လွတ်မြောက်လာသူ အများစုမှာ ရာဇဝတ်အကျဉ်းသားများသာ ဖြစ်ကြပြီး နိုင်ငံရေးနှင့် ဆက်နွှယ်သည့် ပုဒ်မများ၊ အထူးသဖြင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ ဖြင့် ဖမ်းဆီးခံထားရသူများ လွတ်မြောက်လာခြင်း မရှိကြောင်း သိရှိရသည်။

“စစ်တပ်က လွတ်လပ်ရေးနေ့ အထိမ်းအမှတ်လွှတ်ပေးတဲ့အထဲမှာတော့ နိုင်ငံရေးအကျဉ်းသားတွေ မပါသလောက်ကိုမှ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ကချင်ပြည်နယ် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း ပြီးတော့ တခြားပြည်နယ်နဲ့ တိုင်းတွေမှာလည်း အလားသဏ္ဍာန်တူတူပါပဲ။ လွတ်လာတဲ့အထဲမှာ တခြားရာဇဝတ်အကျဉ်းသားတွေတော့ များတယ်။ ဒါပေမဲ့ နိုင်ငံရေးအကျဉ်းသားတွေ တစ်ယောက်မှ ပါမလာတာ အတော်များပါတယ်။ အဓိက ၅၀၅ ပုဒ်မပေါ့နော်။ ၅၀၅ နိုင်ငံရေးပုဒ်မလို့ အကပ်ခံထားရတဲ့အထဲမှာဆိုရင်တော့ ဦးရဲထွဋ်တစ်ယောက်လွတ်လာတာတော့ ကြားသိရတယ်။ ဒါပေမဲ့ ထောင်အတော်များများမှာ ၅၀၅ လိုမျိုး ၊ တခြားပုဒ်မလိုမျိုး နိုင်ငံရေးနဲ့ ဆက်နွှယ်တဲ့ ပုဒ်မလိုမျိုးနဲ့ လွတ်လာတာ မတွေ့ရဘူးပေါ့။ ဒါလေးကိုတော့ စောင့်ကြည့်မှုတွေအရ တွေ့ရှိရပါတယ်”ဟု ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက်စစ်အုပ်စုက လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသား ၆၀၀၀ ကျော်ကို လွတ်ငြိမ်းခွင့်ပေးခဲ့သည်ဟု ထုတ်ပြန်ခဲ့သော်လည်း လွတ်ငြိမ်းခွင့်ပေးသူများတွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်မှု မရှိသလောက် နည်းပါးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံတွင်းရှိ အကျဉ်းထောင် အသီးသီးတွင် သမ္မတကြီး ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား နှစ်သောင်းကျော် ဖမ်းဆီးခံထားရဆဲ ဖြစ် ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများ ကွန်ရက်(PPNM) ၏ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့ စုစည်းထုတ်ပြန်ထားသည့် စာရင်းများအရ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article