စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် တစ်ရက်တည်း လူငယ် ၇၀ ကျော်ကို စစ်တပ် ပေါ်တာဆွဲဖမ်းဆီးသွားပြီး စစ်မှု ထမ်းအပတ်စဉ် ၂၁ အတွက် စစ်သားစုဆောင်းနေကြောင်း ဖမ်းဆီးခံလူငယ်များ၏ မိဘဆွေမျိုးများနှင့် မိတ်ဆွေများထံမှ စုံစမ်းသိရှိရသည်။
ဇန်နဝါရီလ ၅ ရက်နေ့ ညနေပိုင်းတွင် မုံရွာမြို့ပေါ် လမ်းဆုံလမ်းခွများတွင်လည်းကောင်း၊ မြို့ပေါ်ကို အိမ်စီးကားများဖြင့် ပတ်၍ သော်လည်းကောင်း စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ယမန်နေ့ တစ်ရက်တည်း မုံရွာတစ်မြို့လုံးတွင် လူငယ် ၇၀ ကျော် ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရကြောင်း သိရှိရသည်။
ယမန်နေ့ တစ်ရက်တည်း ဖမ်းဆီးခံရသော လူငယ် ၇၀ ကျော်ကို စစ်ကိုင်း တပ်မ ၃၃ တပ်ရင်း စစ်မှုထမ်း သင်တန်း ကျောင်းသို့ ပို့ဆောင်ရန် ပြင်ဆင်နေကြောင်း သိရှိရသည်။
“မနေ့ ညနေပိုင်းမှာ စစ်ခွေးတွေ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာ ကြမ်းတယ်။ ပြည်ထောင်စုလမ်း အင်းဂုန်းအဆင်းတို့မှာ လူငယ် ၅ယောက်ဆွဲသွားတယ်။ ညနေပိုင်းမှာ မုံရွာမြို့ပေါ် လမ်းဆုံတွေမှာ အိမ်စီးကားတွေနဲ့ ပတ်ပြီးတော့ မြို့ပေါ်နေရာစုံမှာ ပတ် ပေါ်တာဆွဲနေတာပါ။ မနေ့ ညနေပိုင်းမှာတင် စစ်ခွေးတွေ ပေါ်တာဆွဲဖမ်းဆီးသွားတဲ့ လူငယ် ၇၀ ကျော်ပါတယ်။ မြို့ထဲနဲ့စက်မှုဘက်ကများ ဆွဲတာ များတယ်။ ဆိုင်ကယ်ပါလာရင်လည်း နီးစပ်ရာ ဆိုင်တွေမှာ အပ်ခိုင်းပြီး လူတွေ ဆွဲသွားတာပါ။ အခုပါသွားတဲ့ လူငယ်တွေို့ မိသားစုတွေနဲ့ တွေ့ ခွင့်မပေးဘူး။ ပိုက်ဆံနဲ့ ရွေးမယ်ဆိုရင်တောင် စစ်ခွေးတွေ အရွေးမခံဘူး။ လက်ရှိမှာ စစ်မှုထမ်း သင်တန်းကျောင်းပို့တော့မယ်” ဟု ဖမ်းဆီးခံလူငယ်တစ်ဦး၏ မိတ်ဆွေတစ်ဦးက ပြောဆိုသည်။
အလားတူ ဒီဇင်ဘာလ ၆ ရက်နေ့ နှင့် ဒီဇင်ဘာလ ၇ ရက်နေ့တို့တွင်လည်း မုံရွာမြို့ပေါ်တွင် လူငယ် ၃၀ ကျော်ကို အ ကြမ်းဖက် စစ်တပ်က အိမ်စီကားများဖြင့် ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်က ယခု ဇန်နဝါရီလ ၁၅ ရက်နေ့တွင် စစ်မှုထမ်း အပတ်စဉ် ၂၁ ကို ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသော လူငယ်များကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




