ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ ဗိုလ်ချုပ် ချုပ်အောင်ဆန်း ကြေးရုပ်ရှိသည့် ပန်းခြံကို ဖျက် ဆီးပြီး လူနေဆိုင်ခန်းတွဲ များ တည်ဆောက်ရန် စစ်ကော်မရှင်က ပြင်ဆင်နေကြောင်း ဒေသပြည်သူ များက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့စွဲဖြင့် တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ ဗိုလ်ချုပ် အောင်ဆန်း ကြေးရုပ်ရှိသည့် ပန်းခြံကို အကြမ်းဖက်စစ်ကော်မရှင်၏ လက်အောက်ခံ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ က ရှမ်းချယ်ရီတောင် တန်းဆောက်လုပ်ရေး ကုမ္ပဏီနှင့် အကျိုးတူပူးပေါင်းကာ ၁၈ ပေ၊ ပေ ၄၀ အ ကျယ်အဝန်းရှိ ၃ ထပ် လူနေတိုက်ခန်းများ ဆောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။
“အခုက ပန္နက်ရိုက်တဲ့အဆင့်ရောက်နေပြီ။ ဗိုလ်ချုပ်ပန်းခြံက မိန်းလမ်းမကြီးပေါ်မှာရှိတဲ့ တောင်ကြီး မြို့ရဲ့ အထင်ကရနေရာလည်းဖြစ်တယ်။ အများပြည်သူ အပန်းဖြေတဲ့နေရာလည်းတယ်။ ဘယ်လိုမှ မဖြစ်သင့်ဘူး။ စည်ပင်နဲ့ခရိုနီ ပေါင်းပြီး စားကွက်ဖန်တာပါ။ အများပြည်သူအတွက် ဘာအကျိုးမှ ဖြစ် လာမှာ မဟုတ်ဘူး။ ပိုကောင်းလာဖို့ လည်းမဖြစ်နိုင်ဘူး။ အမှတ်တရတွေ အများကြီးရှိတဲ့နေရာ၊ အာ ဇာနည်နေ့မှာ အလေးပြုခဲ့ရတာ ကတော့ ပိုပြီး အမှတ်တရပေါ့။ အခုလိုလုပ်တဲ့အပေါ် ထောက်ခံစရာ ဘာအကြောင်းမှ မရှိဘူး။ ပြင်း ပြင်းထန်ထန် ကန့်ကွက်ပါတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
အဆိုပါ ဗိုလ်ချုပ်ပန်းခြံရှေ့တွင် တောင်ကြီးမြို့၏ ဒုတိယအကြီးဆုံးဖြစ်သော ပြည်နယ်ကလေးဆေး ရုံရှိပြီး ဆေးဝါး ကုသမှု လာရောက်ခံယူသူများ၊ မြို့နေပြည်သူများ နားယူအပန်းဖြေရာနေရာလည်း ဖြစ်ကြောင်း၊ မြို့ပြ၏ အထင်ကရနေရာတစ်ခုကို အကြမ်းဖက်စစ်တပ်က လက်အောက်ခံ ရှမ်းပြည် နယ်ဝန်ကြီးချုပ် အောင်အောင်က ဖျက်ဆီးနေကြောင်း ထောက်ပြထားသည်။
“ဗိုလ်ချုပ်ကြေးရုပ်ထုကိုလည်း ဖျက်ဆီးချင်သလို မြို့ပြလက္ခဏာတွေကို ဖျက်ဆီးပစ်ချင်တဲ့သဘော ပါ။ မြို့ထဲမှာက ကလေးနဲ့လူကြီးတွေ အနားယူအပန်းဖြေတဲ့နေရာဆိုလို့ အဲဒီနေရာပဲ ကျန်တော့တာ။ အဲဒီပန်းခြံရှေ့မှာက ပြည်နယ်ကလေးဆေးရုံရှိတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းသာမကဘူး အနယ် အနယ်အရပ်ရပ်က ကလေးတွေ ဆေးရုံမှာလာပြီး ဆေးဝါးကုသရင် ပြေးလွှားဆော့ကစားလို့ရတဲ့ နေရာပဲ။ လူကြီးတွေဆိုလည်းအနားယူကြတယ်။ ဒီပန်းခြံသာ ဖျက်လိုက်ရင် မြို့ပြရဲ့အထင်ကရ နေရာတွေ မကျန်တော့သလောက်ပဲ။ အဓိက လုပ်နေတာက အောင်အောင်ပေါ့။ သူမပြုတ်သရွေ့ မြို့က ဖျက်ဆီးခံနေရအုံးမှာပဲ” ဟု ဒေသနေပြည်သူတစ်ဦးက ပြောဆိုသည်။
တောင်ကြီးမြို့ ဗိုလ်ချုပ်ပန်းခြံကို ဖျက်ဆီးကာ လူနေတိုက်ခန်းများ ဆောက်လုပ်ခွင့်ရရှိထားသည့် ရှမ်းချယ်ရီတောင်တန်းဆောက်လုပ်ရေး ကုမ္ပဏီသည် ချယ်ရီကွင်းဟိုတယ်ပိုင်ရှင် ခရိုနီမောင်တိုး၏ ကုမ္ပဏီဖြစ်ကြောင်း၊ ၎င်းသည် အကြမ်းဖက်စစ်တပ်နှင့် ခေတ်အဆက်ဆက်ပူးပေါင်းကာ ကြီးပွား ချမ်းသာနေသူဖြစ် ကြောင်း သိရသည်။




