မကွေးတိုင်း၊ ထီးလင်းမြို့ နှင့် ကျောက်ထုမြို့အနီးကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံး ၁၀၀ ကျော် ကျဲချ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ကျေးရွာ ၇ ခုမှ ပြည်သူများထွက်ပြေးနေရကြောင်း ယောအလင်းတန်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်ခန့်တွင် ထီးလင်းမြို့အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်ပြည်သူများ နေထိုင်သော ကျေးရွာများကို အကြမ်းဖက် စစ်တပ်က Y12 လေယာဉ်ဖြင့် ဗုံး ၈၀ ကျော် ကျဲချတိုက်ခိုက်ခဲ့ရာ အသက် ၆၀ အရွယ် အမျိုး သား ၁ ဦးသေဆုံးပြီး အမျိုးသမီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ထလင်းကျေးရွာမှ အသက် ၃ နှစ် အရွယ် မိန်းကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ထီးလင်းမြို့ အနီးရှိ သရခါရွာ၊ တောင်ဖက် (အောင်မြင်) ရွာ၊ အနောက်ဖက်ရွာ၊ ထလင်းရွာ၊ ထန်းပင်ကုန်းရွာ၊ တောရောင်းရွာနှင့် ပုဏ္ဏားရွာတို့မှ ပြည်သူများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
အလားတူ ယနေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် ဆောမြို့နယ်၊ ကျောက်ထုမြို့အနီးပတ်ဝန်းကျင်ကိုလည်း အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော Y-12 လေယာဉ်က ဗုံး ၇၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ပြီး ဂျက်ဖိုက်တာ ၁ စီးကလည်း ဗုံးကျဲ တိုက်ခိုက်သွားကြောင်း သိရသည်။
“ကျောက်ထုမှာ ထိခိုက်မှုရှိတယ်လို့တော့ ပြောတယ်။ အတိအကျတော့ မသိရသေးဘူး။ ထီးလင်းကတော့ စစ်ရှောင်တွေဘက် ကျတဲ့ ဗုံးသီးတွေက လူမထိပါဘူး။ စစ်ဘေးရှောင်တွေဆိုပေမယ့် သူ့တော့ ကိုယ့်တောတွေမှာ တဲတွေဆောက်ပြီးနေကြတာပါ။ သူတို့က ရွာထဲ ပြန်လာလိုက်တောထဲမှာနေ လိုက်နဲ့ နေကြတာပါ။ ထီးလင်းမြို့ထဲကို ရဟတ်ယာဉ်ဆင်းဖို့ မြို့ပတ်ပတ်လည်ကို ဗုံးကျဲချတဲ့ သဘောပါပဲ၊ နောက်ထပ် ၂ စီးထပ်ဆင်းအုံးမယ်လို့ သိရတယ်။ လူကုန်လဲမှာဆိုတော့” ဟု ယော အလင်းတန်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ထိုသို့ အကြမ်းဖက် စစ်တပ်က ဗုံးကျဲတိုက်ခိုက်မှု ပြုလုပ်ပြီးနောက် ထီးလင်းမြို့ပေါ်သို့ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ လာသည့် Mi 17 ထောက်ပို့ ရဟတ်ယာဉ် ၂ စီးဆင်းသက်ကာ စစ်သားများ အလဲအလှယ်ပြုလုပ်ခဲ့ကြောင်း၊ ထီးလင်းမြို့ပေါ်တွင် စစ်သား ၁၀၀ ကျော် တပ်စွဲထားပြီး ယခု ရဟတ်ယာဉ် ၂ စီးဖြင့် အရာရှိအပါအဝင် စစ်သား ၆၀ ခန့်ရောက်ရှိလာကာ အပြောင်းအလဲ လုပ်ဆောင်သွားခြင်းဖြစ်ကြောင်း၊ ထို့ပြင် ကျောက်ထုမြို့ အခြေစိုက် အမှတ် ၃၆၈ အမြောက်တပ်ထဲကိုလည်း Mi17 ရဟတ်ယာဉ် ၂ စီးဆင်းသက်ကာ လက်နက်ခဲယမ်းများဖြည့်တင်းခြင်း၊ စစ်သားအချိန်းအပြောင်းပြုလုပ်ခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
“အခုလထဲမှာကိုက ယောဒေသကို လေကြောင်းကနေ တိုက်ခိုက်တာ ၁၅ ကြိမ်ထက်မနည်းရှိသွားပြီ။ ထီးလင်းမြို့နဲ့ ၅ မိုင်ပတ်လည်ကို လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်ပြီး နယ်မြေရှင်းလင်းမယ်လို့ သတင်းရထားတယ်။ မြေပြင်ကနေ မရှင်းနိုင်လို့ ဝေဟင်ကနေ ရှင်းတာပါ။ မိဘပြည်သူတွေ၊ တော် လှန်ရေးတပ်ဖွဲ့ဝင်တွေ အနေနဲ့ သတိထားဖို့လိုပါ့မယ်။ ဒီနေ့မနက်ဆိုရင်လည်း ကြိုတင်သတင်းရပြီး သတိပေးထားလို့သာ အများကြီးမထိတာပါ။ ဧရာဝတီမြစ်အနောက်ဘက်ခြမ်း စလင်း၊ ဆင်ဖြူကွန်း၊ ဆိပ်ဖြူ၊ ပေါက်၊ ဂန့်ဂေါ၊ မြိုင်၊ နတ်မောက်၊ ငဖဲ၊ ချောက်၊ မင်းတပ် စတဲ့မြို့နယ်တွေကို ၁၁ ရက်တိတိ လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်မယ်လို့ သတင်းရထားပါတယ်။” ဟု ယောအလင်းတန်းမှ တာဝန် ရှိသူတစ်ဦးက ပြောဆိုသည်။
ထို့ကြောင့် ပြည်သူများ အနေဖြင့် အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုမှ ကာကွယ် နိုင်ရန် ဗုံးခိုကျင်းများ မဖြစ်မနေတူးထားကြရန်နှင့် လေကြောင်းအန္တရာယ် သတိပေးချက်များကို လိုက်နာပေးကြပါရန် မေတ္တာရပ်ခံထားသည်။






