မကွေးတိုင်း၊ သရက်မြို့နယ်၊ ဆင်ကော်ရဲစခန်းသို့ စစ်ကူပေးရန်လာသော အကြမ်းဖက် စစ်တပ်ကားများကို မိုင်းဆွဲတိုက်ခိုက်ရာ ကား ၁ စီး သိမ်းဆည်းရရှိပြီး မီးရှို့ရှင်းလင်းနိုင်ခဲ့ကြောင်း သရက်ခရိုင် အမှတ်-၄ တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဇန်နဝါရီလ ၃ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ဆင်ကော်ရဲစခန်းသို့ စစ်ကူပေးရန် သရက်မြို့နယ် ကပစ ၁၂ မှ အင်အား ၁၀၀ ခန့်ဖြင့် ထွက်ခွာလာသော စစ်ကားများကို တော်လှန်ရေးတပ်ဖွဲ့များက မင်းတုန်းမြို့နယ်၊ ပုဇင်းဒါးကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်တပ် စစ်သားများ လိုက်ပါလာသော ကား ၂ စီး ပျက်စီးသွားပြီး စစ်သားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ သရက်ဆေးရုံသို့ ပို့ဆောင်ကုသနေရကြောင်း သိရသည်။
ယင်းသို့ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် အကြမ်းဖက် စစ်သားများသည် ပျက်စီးသွားသော ကား ၁ စီးကို လာရောက်ယူဆောင်ခြင်းမရှိသောကြောင့် ဇန်နဝါရီလ ၇ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များက မီးရှို့ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“၇ ရက်နေ့မှာ ကျွန်တော်တို့ မိုင်းဆွဲလို့ ပျက်စီးသွားတဲ့ ကား ၁ စီးကို မီးရှို့ဖျက်ဆီးခဲ့တာပါ။ ဇန်နဝါရီလ ၃ ရက်နေ့က ဆင်ကော်စခန်းကို တိုက်နေတုန်း ကပစ ၁၂ ကနေ စစ်ကူလာတဲ့ ကား ၃ စီးကို မိုင်းဆွဲတိုက်ခိုက်တာ စစ်ကား ၂ စီး ပျက်စီးပြီး ထိခိုက်ဒဏ်ရာရတာတွေရှိတယ်။ ဒဏ်ရာရတဲ့သူတွေကို သရက်ဆေးရုံမှာ ကုနေတာရှိပေမယ့် အရေအတွက်တော့ အတိအကျ မသိရသေးဘူး။ ပျက်စီးသွားတဲ့ ၂ စီးထဲက ၁ စီးကိုတော့ သူတို့ဆွဲသွားတယ်၊ ကျန်ခဲ့တဲ့ ၁ စီးကိုတော့ ကျွန်တော်တို့က မီးရှို့ဖျက်ဆီးလိုက်တာပါ။ အဲ့ဒီကားထဲက လက်နက်ပစ္စည်း သိမ်းဆည်းရမိတာတော့ မရှိပါဘူး။ အဲ့စစ်ခွေးကားကို မီးရှို့ဖျက်ဆီးပြီးနောက် စစ်ခွေးတွေဘက်က လက်နက်ကြီးနဲ့ ပစ်တာမျိုးတော့မရှိဘူး။ ဆင်ကော်ကိုရောက်နေတဲ့ အင်းအား ၁၂၀ကျော်ကတော့ နဲနဲပါးပါးလှုပ်တာတော့ ရှိတယ်လို့ကြားတယ်။ လက်ရှိမှာ ဆင်ကော်၊ မြိုလှကျေးရွာက ပြည်သူတွေတော့ စစ်ရှောင်နေရတယ်။ စစ်ခွေးတွေက အဲ့ရွာတွေထဲက ပြည်သူပိုင်အိမ်တွေ ဝင်မွှေပြီး ဆန်တွေကို ရိက္ခာအဖြစ် စစ်ခွေစခန်းကို သယ်သွားတယ်” ဟု သရက်ခရိုင် အမှတ်-၄ တပ်ရင်းမှ တာဝန်ခံ ကိုမြတ်က ပြောဆိုသည်။






