23 C
Yangon

ရန်ကုန်-ပြည်လမ်းရှိ စစ်တပ် တပ်စွဲထားသော ဂိတ်စခန်းများနှင့် စစ်ကူစစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦး၊ ပျူစောထီးခေါင်းဆောင် တေဇာညွန့် အပါအဝင် စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံး၊ မဲပုံးများနှင့် မဲစာရင်းများပါ မီးရှို့ရှင်းလင်း

Must read

ရန်ကုန်၊ ဇန်နဝါရီ ၉

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည်လမ်း အုတ်တွင်းရွာအနီးရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဂိတ်စခန်းများနှင့် စစ်ကူစစ်ကြောင်းကို တိုက်ခိုက်ရာ ပျူစောထီးခေါင်းဆောင် တေဇညွှန့် အပါအဝင် စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း၃၈၀၂ တပ်ခွဲ ၂ နှင့် သာယာဝတီ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်ခန့်မှ စတင်ပြီး မင်းလှမြို့နယ်၊ ရန်ကုန် – ပြည် အမြန်လမ်းပိုင်း အုတ်တွင်းကျေးရွာအနီးရှိ စစ်ကွင်းတာဆုံ နှင့် တာဆုံအနီး ဘုရားတွင် အင်အား ၅ဝ ခန့်ဖြင့် တပ်စွဲ ထားသော စစ်တပ် ဂိတ်စခန်းများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုထိတွေ့ တိုက်ပွဲသည် ၄ နာရီကျော် ကြာမြင့်ခဲ့ပြီး စစ်ကွင်းတာဆုံ ဂိတ်စခန်းမှ ဗိုလ်ကြီး (၁) ဦး နှင့် တပ်ကြပ်ကြီး ကြည်သိန်း အပါအဝင် စစ်သားနှင့် ပျူစောထီး ၁၅ ဦး သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ဦးတိုတာကလေးလမ်းဆုံ နှင့် ဦးတိုကျေးရွာ နေလဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်သားနှင့် ပျူစောထီး ၇၀ ခန့်သည် စစ်ကွင်းတာဆုံဘက်ကို စစ်ကူပေးရန် ထွက်လာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များက ရှမ်းတောကျေးရွာအနီးတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း စိန်ကန့်လန့်ရွာ ပျူစောထီးခေါင်းဆောင် တေဇာညွန့် အပါအဝင် စစ်တပ်ဘက်မှ ၄ ဦးသေဆုံးကာ ကျန်ရှိနေသော စစ်သားများသည် စစ်ကြောင်းပျက်၍ ဦးတိုတာကလေးလမ်းဆုံဘက်ကို ဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရှိရသည်။

ထို့ပြင် လက်ပံတန်းမြို့မှ စစ်ကူလာသော အင်အား ၆၀ ခန့်ပါ စစ်ကြောင်းကိုလည်း ညောင်နီကုန်းကျေးရွာ၊ ဆည်ဘောင်အနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက ဖြတ်တောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ခလရ ၁ တပ်ရင်းမှ ၁၂၂ မမ ၊ ၁၂၀ မမ လက်နက်ကြီးများ၊ အညာတန်းကြီး ကျေးရွာလမ်းဆုံမှ ၈၁ မမ လက်နက်ကြီးများ ၊ ဦးတို နေလဘုန်းကြီးကျောင်းမှ ၆၀ မမ လက်နက်ကြီးများ ၊ လက်ပံတန်းမြို့နယ်၊ ရန်ကုန် – ပြည်လမ်းပိုင်းရှိကွမ်းခြံဂိတ်စခန်းမှ ၈၁ မမ လက်နက်ကြီးများ ဖြင့် ပစ်ကူပေး တိုက်ခိုက်ခဲ့သောကြောင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

တော်လှန်ရေး တပ်ဖွဲ့များသည် စစ်တပ်က အထိုင်ချ နေထိုင်သော အုတ်တွင်းကျေးရွာအုပ်ချုပ်မှူး ရန်မျိုးဝင်း (ခေါ်) ယမင်း နေအိမ်ကိုလည်း ဝင်ရောက် ရှင်းလင်းခဲ့ပြီး ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ပြင်ဆင်ထားသည့် မဲပုံး နှင့် မဲစာရင်းများကို တွေ့ရှိရသောကြောင့် မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲများအတွင်း ကာဘိုင်ကျည် ၂၃ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ Detonator (ကတ်သီး) ၂ ခု၊ မိုဘိုင်းဖုန်း ၁ လုံး၊ ဝိုင်ဖိုင် စက် ၂ လုံး နှင့် မဲစာရင်း (ပြည်သူအချက်အလက်) တချို့ သိမ်းဆည်း ရမိခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ် (၂) စစ်ဆင်ရေး နယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂) ကွပ်ကဲမှုဖြင့် သာယာဝတီခရိုင်တပ်ရင်း (၃) (၃၈၀၃) ၏ Alphaစစ်ကြောင်း နှင့် Bravoစစ်ကြောင်း ၊ သာယာဝတီခရိုင်တပ်ရင်း (၂) (၃၈ဝ၂) ၏ တပ်ခွဲ (၂) နှင့် တပ်ခွဲ (၃) ၊ သာယာဝတီ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ လက်ပံတန်းမြို့နယ်(ပကဖ)အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ၊ သာယာဝတီခရိုင်(ပကဖ) ရွှေတန်းမြေ တိုက်ခိုက်ရေးတပ်ဖွဲ့ – (၁) နှင့် (၂) ၊ ရန်ကုန်တိုင်း(ပကဖ) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ (၃) နှင့် အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF) ၏ တပ်ရင်း (၃) စသည့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ များက လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article