ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်မြို့အနီးရှိ မျက်နီကွင်းကျေရွာတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စခန်းကို တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း Black leopard UG (ကျားသစ်နက်မြို့ပြပြောက်ကျား) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၉ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်ခန့်မှ စတင်ပြီး အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်မြို့အနီးရှိ မျက်နီကွင်းကျေးရွာတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက စတင်ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်မှုပြီးနောက် နာရီပိုင်းအကြာတွင် တော်လှန်ရေးတပ်ဖွဲ့များက မျက်နီကွင်းကျေးရွာရှိ စစ်တပ် စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
“အဲ့ဒီ စစ်ခွေးစခန်းမှာက အင်အားက ၁၀၀ နီးပါးလို့သိရတယ်။ စစ်ခွေး သေစာရင်းကတော့ အတိအကျတော့ မသိရသေးဘူး။ လောလောဆယ် အထိုင်စခန်းဝင်သိမ်းတာဆိုတော့လေ မြေပြင်ရဲဘော်တွေ အေးဆေးဖြစ်ချိန်ကျမှပဲ စစ်ခွေး သေစာရင်းတွေ အတည်ပြုနိုင်မယ်။ ကျနော်တို့ ရဲဘော်တွေ အထိအခိုက်မရှိဘဲ တိုက်ပွဲဖော်ဆောင်နိုင်ခဲ့ပါတယ်” ဟု Black leopard UG (ကျားသစ်နက်မြို့ပြပြောက်ကျား) မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို ဗျူဟာ ၂၃ ၏ စီမံမူနှင့်အတူကျားသစ်နက်မြို့ပြပျောက်ကျားတပ်ဖွဲ့ ၊ NSA 31 ၊ တောင်ငူခရိုင်ပကဖ၊ ထလရ အဖွဲ့ BR21 အဖွဲ့ နှင့် 3502 တပ်ရင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။




