24 C
Yangon

ပြင်ဦးလွင်၊ ရတနာပုံမြောက်ပိုင်းအိမ်ရာစီမံကိန်းတစ်ခုလုံးကို မင်းအောင်လှိုင် သား အောင်ပြည့်စုံက ကုမ္ပဏီခွဲများစွာဖြင့် ရင်းနှီးမြှုပ်နှံနေပြီး တရုတ် ကုမ္ပဏီများကိုပါ ဖိတ်ခေါ်မည်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၀

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ သုံးတောင်ကျေးရွာအနီးတွင် ရတနာပုံမြို့သစ်စီမံကိန်းနှင့်အတူ ရတနာ ပုံမြောက်ပိုင်းအိမ်ရာစီမံကိန်းတစ်ခုလုံးကို မင်းအောင်လှိုင်၏ သား အောင်ပြည့်စုံက ကုမ္ပဏီခွဲများစွာဖြင့် ရင်းနှီးမြှုပ်နှံနေပြီး တရုတ်ကုမ္ပဏီများကိုပါ ဖိတ်ခေါ်မည်ဖြစ်ကြောင်း ယင်းစီမံကိန်းအကြောင်းကို သိရှိထားသော စီးပွားရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ရတနာ ပုံမြောက်ပိုင်းအိမ်ရာစီမံကိန်းကို မင်းအောင်လှိုင်သားဖြစ်သူ အောင်ပြည့်စုံပိုင်ဆိုင်သော Sky One ဆောက်လုပ်ရေးကုမ္ပဏီ၊ အောင်ပြည့်စုံ Trading ကုမ္ပဏီနှင့် Capital Ace ကုမ္ပဏီတို့က ပါဝင် တည်ဆောက်ကြမည်ဖြစ်ပြီး ကုမ္ပဏီအားလုံးမှာ အောင်ပြည့်စုံ၏ လက်ခွဲကုမ္ပဏီများပင်ဖြစ်ကြောင်း ၊ ရတနာ ပုံမြောက်ပိုင်းအိမ်ရာစီမံကိန်းမြေနေရာကို အတည်ပြု သတ်မှတ်ခြင်းနှင့် ဂရန်မြေများ ထုတ် ပေးခြင်းများကို စစ်တပ်က လုပ်ဆောင်ပေးနေကြောင်း၊ လက်ရှိတွင် ရေလိုင်း၊ မီးလိုင်းနှင့် မြေကွက် နေရာများကို သတ်မှတ် အကောင်အထည်ဖော်နေကြောင်း သိရှိရသည်။

ယင်းစီမံကိန်းတွင် တရုတ်စီးပွားရေးကုမ္ပဏီများကိုလည်း ဖိတ်ခေါ်သွားမည်ဖြစ်ပြီး လက်ရှိအခြေအနေတွင် ရန်ကုန်မှ မြန်မာပြည်နွယ်ဖွား တရုတ်စီးပွားရေးသမားများ အဝယ်လိုက်နေကြောင်း သိရှိရသည်။

“ရတနာပုံမြောက်ပိုင်းအိမ်ရာစီမံကိန်းက ဒီလာမယ့် ဖေဖော်ဝါရီမှာ ပန္နက်ရိုက်တာတွေ စလုပ်မယ်။ အခုကတော့ ရေလိုင်း၊ မီးလိုင်းနဲ့ အကွက်ရိုက်တာတွေ လုပ်နေတယ်။ ဧက ၂၀၀၀ ကျော်တယ်။ အဲဒါတွေကို ဂရန်ထုတ်ပေးမယ်။ ဆေးရုံ၊ ပန်းခြံ၊ စျေး၊ အားကစားကွင်း၊ ရုပ်ရှင်ရုံတွေ ပါမယ်။ တရုတ်ကုမ္ပဏီတွေကို ဖိတ်ခေါ်မယ်ဆိုတာကြောင့် အခုတော့ တရုတ်စီးပွားရေးသမားတွေ လိုက်ဝယ်နေကြတယ်” ဟု ယင်းစီမံကိန်းအကြောင်း သိရှိထားသော စီးပွားရေးသမားက ဆိုသည်။

လတ်တလော မြို့ပြ မြေယာစနစ်အကောင်အထည်ဖော်ရန် အတွက် မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံ ပိုင်ဆိုင်သော Sky One ဆောက်လုပ်ရေးကုမ္ပဏီက ဆေးရုံ၊ လမ်းများနှင့်အခြေခံအဆောက် အအုံများ ဆောက်လုပ်ခွင့်ရရှိထားပြီး ရေလိုင်း၊ မီးလိုင်းနှင့် လမ်းများကို ဦးစွာ ဆောက်လုပ်နေကြောင်း သိရှိရသည်။

ယင်းအပြင် အဆိုပါ မြို့သစ်စီမံကိန်းတွင် မင်းအောင်လှိုင်မိသားစုက ကုတင် ၃၀၀ ဆန့် ပုဂ္ဂလိက ဆေးရုံကိုလည်း တည်ဆောက်မည်ဖြစ်ပြီး ဆေးရုံမြေနေရာကိုလည်း သတ်မှတ်ထားပြီဖြစ်ကြောင်း သိရှိရသည်။

ရတနာပုံမြို့သစ်စီမံကိန်းကို မင်းအောင်လှိုင်က နည်းပညာမြို့သစ်အဖြစ် အကောင်အထည်ဖော်မည်ဟု ပြောဆိုထားပြီး တရုတ်နည်းပညာကုမ္ပဏီများကို ဖိတ်ခေါ်ရန် ၊ စက်ရုံမြေနေရာများစွာကိုလည်း သတ်မှတ်ချထားပေးမည်ဖြစ်ကြောင်း သိရှိရသည်။

မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ သုံးတောင်ကျေးရွာအနီးရှိ မြေဧက ၁ သောင်းတွင် ရတနာပုံမြို့သစ်စီမံကိန်းကို ၂၀၁၆ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် ဆက်လက် အကောင်အထည်ဖော်ရန် ကြိုးပမ်းနေစဉ် ရပ်ဆိုင်းခဲ့ကြောင်း၊ NLD အစိုးရက အထက်မြန်မာပြည် အစိမ်းရောင်နှင့် နည်းပညာဖွံ့ဖြိုးရေး ဗဟိုပြု အပန်းဖြေဝန်ဆောင်မှုမြို့သစ် ဖန်တီးရန် ရည်ရွယ်ချက်ဖြင့် အဆိုပါ စီမံကိန်းကို စတင်ခဲ့သော်လည်း ၂၀၂၀ ခုနှစ်တွင် ပြန်လည် ရပ်ဆိုင်းခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရတနာပုံမြို့သစ်စီမံကိန်းကို ပြန်လည် စတင်ခိုင်းနေပြီး ဆောက်လုပ်ရေးဝန်ကြီး ဦးဆောင်သော အဖွဲ့ဝင် ၁၂ ဦးပါ ရတနာမြို့သစ်စီမံကိန်း ကြီးကြပ်မှု ကော်မတီကို၂၀၂၅ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့ ဖွဲ့စည်းခဲ့သည်။

ပြင်ဦးလွင်မြို့ကို အထက် မြန်မာပြည်၏ အစိမ်းရောင်နှင့်နည်းပညာ ဖွံ့ဖြိုးရေးဗဟိုပြု အပန်းဖြေဝန် ဆောင်မှုမြို့ (Green and Smart City) ဖန်တီးရန်ဖြစ်ပြီး ရည်ရွယ်သော အဆိုပါ ရတနာပုံမြို့သစ်စီမံကိန်းကို မြို့ပြစီမံချက်များလည်း ရေးဆွဲပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

ရတနာပုံမြို့သစ်စီမံကိန်းတွင် စိုက်ပျိုးရေးကို အခြေခံသော Agro-Based Industrial Zone Research and Development Center တစ်ခု ထူထောင်ရန် ၊ Education and Health Services/ Tourism Center ပါဝင်မည်ဖြစ်ပြီး ဆေးရုံများလည်း ပါဝင်ဖြစ်ကြောင်း ၊ ယခင် NLD အစိုးရလက်ထက်က စီမံကိန်း ၃ ပိုင်း ပါဝင်ပြီး စီမံကိန်းအဆင့် ၁ တွင် ဧက ၂၂၀၀ ပါဝင်ကြောင်း၊ စီမံကိန်း အပိုင်း ၂ တွင် ၂၉၁၉ ဧက ပါဝင်ပြီး စီမံကိန်းအပိုင်း ၃တွင် ၄၇၄၄ ဧက ပါဝင်ကာ စက်မှုဇုန်များ၊ အဆင့်မြင့် လူနေ အိမ်ရာ၊ တန်ဖိုးမျှတအိမ်ရာ ၊ ဂေါက်ကွင်း ၊ စိုက်ပျိုးရေးဇုန်နှင့် AGRO PARK ဧရိယာများ ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။

ရတနာပုံမြို့သစ်စီမံကိန်းသည် ၂ဝ၁၆ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့သော်လည်း မအောင်မြင်သောကြောင့် ၂ဝဝဝပြည့်နှစ်ကာလအတွင်း ရပ်ဆိုင်းသွားသော စီမံကိန်းတစ်ခုဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article