25 C
Yangon

မြန်မာနိုင်ငံတွင် အရေးအခင်း၊ ပဋိပက္ခများနှင့်ဆူပူမှုများ၏ အကြောင်းအရင်းမှာ အသိပညာနှင့် အတတ်ပညာအားနည်းမှုကြောင့်ဟု အကြမ်းဖက် မင်းအောင်လှိုင် ပြောပြန်၊ တိုင်းရင်းသားအခွင့်အရေး ရရှိစေရန် ပညာရေးမြှင့်တင်ပေးနေဟုဆို

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၀

မြန်မာနိုင်ငံတွင် သမိုင်းကြောင်းတစ်လျှောက် ကြုံတွေ့ရသည့် အရေးအခင်း၊ ပဋိပက္ခများနှင့်ဆူပူမှုများ ၏ အကြောင်းအရင်းမှာ အသိပညာနှင့် အတတ်ပညာအားနည်းမှုကြောင့်ဖြစ်ကြောင်း အကြမ်း ဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုပြန်သည်။

ယမန်နေ့ ဧရာဝတီတိုင်း၊ သာပေါင်း မြို့တွင် ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲတွင်လည်းကောင်း၊ အနောက် တောင်တိုင်းစစ်ဌာနချုပ်၊ ဟိုင်းကြီးကျွန်းတပ်နယ်တွေ့ဆုံပွဲတွင်လည်းကောင်း အကြမ်းဖက် မင်းအောင်လှိုင်က ထိုသို့ ပြောဆိုလာခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းတစ်လျှောက်၌ ကြုံတွေ့ခဲ့ရသည့် အရေးအခင်း များ၊ ပဋိပက္ခများ၊ ဆူပူမှုများ၏ အကြောင်းအရင်းကိုကြည့်မည်ဆိုပါ က အသိပညာ၊ အတတ် ပညာ အားနည်းသည့်အခြေခံအချက်ဖြစ်သည်ကိုတွေ့ရကြောင်း၊ အဆိုပါအချက်ကို အသုံးချ၍ ပြည် တွင်း၊ ပြည်ပမှ သွေးထိုးလှုံ့မှုများကြောင့် ပြည်တွင်းပဋိပက္ခများဖြစ်ပွားခဲ့သည်ကိုတွေ့ရကြောင်း မင်းအောင်လှိုင်က ပြောဆိုသည်။

မြန်မာနိုင်ငံ၏ ဖြတ်သန်းလာခဲ့သည့် သမိုင်းကြောင်းအခြေအနေများကို လေ့လာသုံးသပ်ကြည့်မည်ဆိုပါက ပညာရေးနှင့်ပတ်သက်၍ အားနည်းချက်များရှိခဲ့သည်ကို တွေ့မြင်ရကြောင်း၊ အတန်းပညာရှိမှသာလျင် အတတ်ပညာနှင့် အသိပညာများရရှိနိုင်မည်ဖြစ်ကြောင်း၊ အတန်းပညာများ တက်ရောက်မှုအပေါ်တွင်မူတည်၍ အသိပညာ၊ အတတ်ပညာသိရှိမှုနှင့် စည်းကမ်းလိုက်နာမှုများ ကွာခြားသွားကြောင်း မင်းအောင်လှိုင်က ပြောဆိုသည်။

နိုင်ငံရေးသည် ပညာရေးနှင့်ဆက်နွယ်လျက်ရှိပြီး နိုင်ငံအတွင်း ပညာတတ် လူသားအရင်းအမြစ်များပေါကြွယ်ဝမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ လက်ရှိ ရွေးကောက်ပွဲများတွင် ဆန္ဒမဲများပေးရာတွင်လည်း ဒေသအကျိုး၊ နိုင်ငံတော်အကျိုးကို ဖော်ဆောင်ပေးနိုင်မည့်သူ၊ အမျိုးဘာသာသာသနာအကျိုးကို ဖော်ဆောင်ပေးနိုင်မည့်သူ၊ ဒို့တာဝန်အရေးသုံးပါးကို လိုက်နာစောင့်ထိန်းနိုင်သူ၊ နိုင်ငံရေးအမြင်၊ အုပ်ချုပ်ရေးအမြင်၊ စီးပွားရေးအမြင်၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအမြင်ရှိသူ၊ နိုင်ငံတော်တည်နေသရွေ့ အခိုင်မာဆုံးသောအဖွဲ့အစည်းအဖြစ်တည်ရှိနေသည့် တပ်မတော်နှင့် လက်တွဲဆောင်ရွက်နိုင်မည့်သူများကို ရွေးချယ်၍ဆန္ဒမဲပေးကြရန်လိုကြောင်း မင်းအောင်လှိုင်က ဆိုသည်။

မြန်မာ့နိုင်ငံအရေးတွင် လေးလေးနက်နက်ဖြင့် ဆောင်ရွက်လိုသည့် နိုင်ငံရေးသမားစစ်စစ်များ လိုအပ်နေဆဲဖြစ်သည်ကို ဖြတ်သန်းလာမှုအတွေ့အကြုံများအရ တွေ့ရှိရကြောင်း မင်းအောင်လှိုင်က ပြောဆိုသည်။

နိုင်ငံရေးနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် နယ်နိမိတ်သဘောတူညီချက်များထားရှိပြီးဖြစ်ကြောင်း၊ နယ်စပ်ဒေသများနှင့် တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၎င်းဒေသများ၌ တည်ငြိမ်အေးချမ်းမှုရှိရန်နှင့် ပညာတတ်များပေါကြွယ်ဝရန် မဖြစ်မနေလိုအပ်မည်ဖြစ် ကြောင်း၊ တိုင်းရင်းသားအခွင့်အရေးများရရှိအောင် ပညာရည်မြှင့်တင်ခြင်း လုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းရင်းသားများအနေဖြင့် တိုင်းရင်းသားအခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေးကို မှန်မှန်ကန်ကန်ရှုမြင်သုံးသပ်နိုင်ရေး ဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က တိုင်းရင်းသားများအပေါ် နှိမ့်ချ ပြောဆိုသွားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article