ရန်ကုန်၊ ဇန်နဝါရီ ၁၀
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ပြန်လှည့်ရွာကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများ ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၉ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် မုံရွာမြို့ နမခ မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ စက်တပ်လေထီး ၂ စီးသည် ပြန်လှည့်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း အသက် ၂၀ အရွယ် အမျိုးသမီး ၁ ဦး ၊ အသက် ၂၅ နှစ် အရွယ်အမျိုးသမီး ၁ ဦး ၊ အသက် ၂၀ အရွယ်နှင့် အသက် ၄၀ ကျော် အရွယ် အမျိုးသား ၂ ဦး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ထိခိုက်ဒဏ်ရာရရှိသူလည်း ၁၀ ဦးထက်မနည်းရှိကြောင်း သိရသည်။
“ဗုံးက ၄ လုံးကျဲချတာ။ ယမား ချောင်းမြောက်ဘက်မှာရှိတဲ့ စားသောက်ဆိုင်အနီးကို ၂ လုံးနဲ့ ရွာထဲကို ၂ လုံးကျဲချတာ ၃ လုံးကွဲပြီး တစ်လုံးမကွဲဘူး။ စား သောက်ဆိုင် အနီးကျတာက ပြည်သူ အမျိုးသမီး ၂၀ အရွယ် တစ် ဦး ၊ ၂၅ နှစ်အရွယ်တစ်ဦး နဲ့ အသက်၂၀ အရွယ်နဲ့ ၄၀ကျော် အမျိုးသား ၂ ဦးသေဆုံးခဲ့ရတယ်။ ခြေပြတ် လက်ပြတ် က်ဒဏ်ရာရတာတွေလည်းများတယ်။ အနည်းဆုံး၁၀ အထက်မှာ ရှိလိမ့်မယ်။ ရွာထဲကျတဲ့ ဗုံးသီးက လူနေအိမ်တစ်လုံး မီးလောင်တယ်။ နွား ၉ ကောင်နဲ့ မြင်း ၁ ကောင် သေဆုံးတယ်။ကား ၂ စီး မီးလောင်ဆုံးရှုံးတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ လယ်သစ်တောရွာနှင့် စစ်ဘေးရှောင်များနေထိုင်သော ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူနှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၉ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ်ခန့်တွင် နေပြည်တော် လေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးသည် ခင်ဦးမြို့နယ် အရှေ့ခြမ်း လယ်သစ်တောကျေးရွာကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၂ ဦးမှာ ဒဏ်ရာအခြေအနေစိုးရိမ်ရကြောင်း သိရသည်။
ယနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ မိတ္ထီလာလေတပ်နှင့် တံတားဦးလေတပ်တို့မှ တက်လာသော ဂျက်ဖိုက်တာ ၃ စီးသည် ခင်ဦးမြို့နယ် အရှေ့ခြမ်း ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ စစ်ဘေးရှောင်များနေထိုင်သော ကျေးရွာများကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုရှိ၊မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
“မနေ့ ညက ဗုံးကျဲသွားတာတော့ ပြည်သူ ၄ ဦးထိတယ်။ ၂ ဦးကတော့ ဒဏ်ရာအခြေအနေစိုးရိမ်ရတယ်။ ဒီနေ့ဗုံးကျဲသွားတာတော့ ထိခိုက်မှုအခြေအနေ အတည်မပြုနိုင်သေးဘူး” ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူကပြောဆိုသည်။
ဓာတ်ပုံ – ခင်ဦးမြို့နယ်အတွင်း စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးသွားသော ပြည်သူပိုင်ကားများ







