မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ရန်ကုန်-မန္တလေး အမှတ် ၁ ကားလမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၈ ဦးသေဆုံးပြီး သေနတ် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သရက်ခရိုင်ကွပ်ကဲရေးရုံးက သတင်းထုတ်ပြန်ထားသည်။
ဇန်နဝါရီ ၈ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်မှ စတင်ပြီး ဆင်ပေါင်ဝဲမြို့နယ်၊ ဧကရာဇ်ကျေးရွာအရှေ့ထိပ်ရှိ စစ်တပ်၏ ကာကင်းဂိတ်စခန်း၊ ရန်ကုန်-မန္တလေး အမှတ် ၁ ကားလမ်းပိုင်း ၊ ဆင်ပေါင်ဝဲမြို့နယ်၊ နွယ်လိမ်လမ်းပေါက်ရှိ ကာကင်းဂိတ်စခန်း နှင့် ရန်ကုန်-မန္တလေး အမှတ် ၁ ကားလမ်းပိုင်း ၊ ဆင်ပေါင်ဝဲမြို့နယ် ခြောက်ပေလမ်းပေါက်ရှိ ကာကင်းဂိတ်စခန်း တို့ကို သရက်ခရိုင်စစ်ဌာန၊ အထူးလှုပ်ရှားတပ်ဖွဲ့က တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၈ ဦးသေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ၂ ဦး ဒဏ်ရာပြင်းထန်ကြောင်း၊ အကြမ်းဖက် စစ်တပ်ထံမှ MA-13 သေနတ် ၂ လက်၊ G-3 သေနတ် ၁ လက်၊ ကျည်ဘောက်မျိုးစုံ ၁၉ ခု၊ ကျည်မျိုးစုံ ၁,၀၀၀ နီးပါးခန့်၊ ကလလ ၁ လုံးနှင့် စစ်အသုံးအဆောင်ပစ္စည်းများစွာကို သိမ်းဆည်းရမိခဲ့ကြောင်း၊ တော်လှန်ရေး ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။
ပြည်သူလူထုအနေဖြင့် အကြမ်းဖက် စစ်တပ်နှင့် အဝေးဆုံးမှသာလျှင် သွားလာနေထိုင်ကြပါရန် သရက်ခရိုင်စစ်ဌာနက အသိပေး ပြောဆိုထားသည်။





