24 C
Yangon

ဂန့်ဂေါခရိုင် ယောဒေသအတွင်းရှိ ပျူစောထီးရွာများနှင့် စစ်တပ်စခန်းများကို တပြိုင်တည်း တိုက်ခိုက် သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၄၂ ဦးသေဆုံးပြီး သေနတ် ၈ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၀

မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ယောဒေသအတွင်းရှိ ပျူစောထီးရွာများနှင့် စစ်တပ် စခန်းများကို တပြိုင်တည်း တိုက်ခိုက် သိမ်းပိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၄၂ ဦးသေဆုံးပြီး သေနတ် ၈ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ဂန့်ဂေါခရိုင်စစ်ဌာနမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ယောဒေသအတွင်းရှိ အကြမ်းဖက် စစ်တပ် နှင့် ပျူစောထီးများ ပူးပေါင်း တပ်စွဲထားသော ဝင်ဝပျူစောထီးရွာ ၊ လယ်ကြီးအရှေ့ ပျူစောထီးရွာ ၊ လယ်ကြီး အနောက် ပျူစောထီး ရွာ၊ မြောက်ခင်ရမ်းရွာ၊ ရွှေမြစ်သာ ပျူစောထီး ရွာနှင့် တောကျောင်း ကာကင်းစခန်းတို့ကို တော်လှန်ရေး တပ်ဖွဲ့များက တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း တော်လှန်ရေး တပ်ဖွဲ့များက ဝင်ဝပျူစောထီး ကျေးရွာကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာလ ၂၈ ရက်နေ့နှင့် ဒီဇင်ဘာလ ၂၉ ရက်နေ့တို့တွင်လည်း မြောက်ခင်ရမ်း ပျူစောထီးရွာ နှင့် လယ်ကြီးအရှေ့ ပျူစောထီး ရွာ တို့ကို ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် မြောက်ခင်ရမ်း ပျူစောထီးရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ် ဘက်မှ စစ်သား ၆ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဇန်နဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းမှစ၍ ရွှေမြစ်သာ ပျူစောထီးရွာကို တော်လှန်ရေးတပ်ဖွဲ့များက ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ နံနက် ၉ နာရီခန့်တွင် ပျူစောထီးစခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ဂန့်ဂေါခရိုင်စစ်ဌာနမှ (Yawland Operation) စစ်ဆင်ရေးဟု အမည်ပေးထားပြီး ယောဒေသအတွင်းရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ပျူစောထီးကျေးရွာများနှင့် စစ်တပ်စခန်းနေရာများကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုစစ်ဆင်ရေးကာလအတွင်းမှ လက်ရှိအချိန်အထိ တိုက်ပွဲများ အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၄၂ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ယင်း တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ထံမှ G3 သေနတ် ၄ လက် ၊ ကာဘိုင် သေနတ် ၂ လက် ၊ ခါးချိုး သေနတ် ၂ လက် ၊ Jumber ၁ လုံး ၊ ၆၀ မမ ဗုံးသီး ၅ လုံး ၊ လခြမ်းမိုင်း ၃ ခု၊ ချိန်း ၁ ခု ၊ G3 ကျည် ၆၀ တောင့် ၊ 7.62 ကျည် ၂၂၅ တောင့်၊ ကာဘိုင်ကျည် ၁၁၈၅ တောင့်၊ လက်ပစ်မိုင်း လုံး ၊ Icon စကားပြောစက် ၃ လုံး ကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“စစ်ခွေး အရှင်ဖမ်းမိတာမျိုးတော့ မရှိပါဘူး။ ဒီသိမ်းလိုက်တဲ့ ရွာတွေက စစ်ခွေးတွေက နီးစပ်ရာ ပျူစောထီးရွာတွေ သူတို့ အထိုင်ချထားတဲ့ ပျူစောထီးရွာတွေဘက်ကို တိမ်ရှောင်သွားကြတယ်။ ဆုတ်ပြေးသွားကြတယ်။ ဒီတိုက်ခိုက်မှု စစ်ဆင်ရေးကတော့ ခရိုင် စစ်ဌာနကနေပဲ ကွပ်ကွဲပြီးတော့ဆောင်ရွက်တာဖြစ်တယ်။ ကျနော်တို့ရဲ့ တော်လှန်ရေးရဲဘော်တွေသည် အတိုင်အတာတစ်ခုထိ လုပ်နိုင်တယ်ပေါ့လေ ကျနော်တို့ ဒေသတွင်းမှာရှိနေတဲ့ စစ်တပ်ရဲ့ ဒေါက်တိုင် ပုံစံတွေမျိုးဖြစ်နေတာပေါ့ ဒီရွာတွေက စစ်တပ် တပ်စွဲထားတဲ့ ရွာတွေဆိုရင် ကျနော်တို့ တိုက်ခိုက်တာမျိုးတွေရှိမှာပါ။ ဒီလိုတိုက်ခိုက်တဲ့အခါမှာ စစ်တပ်နေတဲ့ ပျူရွာတွေကို တိုက်ခိုက်တဲ့ အခါမှာ ကျန်တဲ့ စစ်တပ်ကို ထောက်ခံတာမဟုတ်ဘဲနဲ့ အခြေအနေအကြောင်းကြောင့် နေနေရတဲ့ ပြည်သူတွေဆိုရင် အတတ်နိုင်ဆုံး တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာမရအောင် ရှောင်တိမ်းတာမျိုးလုပ်စေချင်တယ်။ စစ်တပ်ကို သွားပြီး ကူညီပေးတာမျိုးတွေမလိုကြဖို့ ရှောင်ဖို့ပြောချင်တာပေါ့”ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် ဂန့်ဂေါခရိုင်စစ်ဌာန မှ တာဝန်ရှိသူကပြောဆိုသည်။

ပြည်သူ့ကာကွယ်ရေး တပ်မတော်သားများအနေဖြင့် ဒေသပြည်သူများကို လုံခြုံသော နေရာသို့ ရွေ့ပြောင်းထားပြီး လိုအပ်သော ရိက္ခာနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ထားရှိကြောင်း ၊ အဆိုပါ တိုက်ခိုက်မှုကို ဂန့်ဂေါခရိုင်စစ်ဌာန လက်အောက်ရှိ တပ်ရင်းများ ၊ ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့ ၊ KKG တပ်ရင်း(၅/၆) ၊ ဂန့်ဂေါခရိုင်/မြို့နယ် ပကဖ ၊ မြိုင်မြို့နယ် ပကဖ(ဗိုလ်လကျ်ာအဖွဲ့) ၊ ယောတပ်တော်(YA )၊YDF (ရဲဘော် ကောင်းကောင်း အဖွဲ့) ပူးပေါင်းအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း၊ (Yawland Operation) အနေဖြင့် ဆက်လက်တည်ရှိနေပြီး လိုအပ်သောပြင်ဆင်မှုများပြုလုပ်ကာ စစ်ဆင်ရေးလုပ်ငန်းများ ဖော်ဆောင်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ် အထူးသတိပြုစေလိုပါကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ဂန့်ဂေါခရိုင်စစ်ဌာနက အသိပေးပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article