30 C
Yangon

မင်နီဆိုးတားပြည်နယ်တွင် တရားဝင် ဝင်ရောက်လာသော ကရင်တိုင်းရင်းသူ ဒုက္ခသည်အမျိုးသမီး ၁ ဦးကို အမေရိကန်လူဝင်မှုကြီးကြပ်ရေးက ဖမ်းဆီး၊ ပြန်လည် လွတ်မြောက်ရေး ကရင်အသိုင်းအ၀ိုင်းက ရှေ့နေများနှင့် ကြိုးပမ်းနေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၁

အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုးတားပြည်နယ်၊ Saint Paul မြို့တွင် တရားဝင် ဝင်ရောက် လာသော ကရင်တိုင်းရင်းသူ ဒုက္ခသည်အမျိုးသမီး ၁ ဦးကို အမေရိကန်လူဝင်မှုကြီးကြပ်ရေး-ICEက ယနေ့ ဝင်ရောက် ဖမ်းဆီးသွားသဖြင့် အမေရိကန်-ကရင်အသိုင်းအ၀ိုင်းက ပြန်လည် လွတ်မြောက်ရေးကြိုးပမ်းနေကြောင်း သိရှိရသည်။

ယနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့ မင်နီဆိုးတားပြည်နယ်၊ Saint Paul မြို့တွင် အမေရိကန်လူဝင်မှုကြီးကြပ်ရေ-ICE များ က ဝင်ရောက် စစ်ဆေးမှုများ လုပ် ဆောင်ခဲ့ရာ ကရင်အမျိုးသမီးနှင့် မိသားစု နေထိုင်သော တိုက်ခန်းတွဲအဆောက်အအုံကိုလည်း ဝင်ရောက် စစ်ဆေးခဲ့ကြောင်း၊ ထိုသို့ စစ်ဆေးစဉ် စာရွက်စာတမ်းများကို တောင်းကြည့်ပြီးနောက် အဆိုပါကရင်အမျိုးသမီးကို ဖမ်းဆီးသွားခဲ့ကြောင်း၊ အဆိုပါ အမျိုးသမီးမှာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် အမေရိကန်ပြည် ထောင်စုသို့ UNHCR ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာမဟာမင်း ကြီးရုံး အစီအစဉ်ဖြင့် တရား ဝင် ရောက်ရှိလာသော ဒုက္ခသည်တစ်ဦးဖြစ် ကြောင်း၊ လက်ရှိတွင် Green Card နေထိုင်ခွင့်ရရှိရေး လျှောက်ထား စောင့် ဆိုင်းနေဆဲဖြစ်ပြီး မည်သည့် ပြစ်မှုမှလည်း ကျူးလွန်ထားခြင်းမရှိကြောင်း သိရှိရသည်။

“ICE က သူတို့နေတဲ့ တိုက်ခန်းတွဲအဆောက်အအုံကို ဝင်စစ်တာ။ အဆောက် အအုံဆိုတာ Apartment ကို ဝင်စစ်တာ။ သူတို့ကို လာစစ်တာလည်းမဟုတ်ဘူး။ ဒါပေမယ့် ကြုံတဲ့အချိန်မှာ သူတို့ကလည်း ရှိနေတော့ ဝင်စစ်သွားတာ။ သူ့အမျိုးသားရော၊ သူ့အမျိုးသမီးရောက အကုန်စာရွက်စာတမ်းတွေ ထုတ်ပြတာကို ဖမ်းသွားတာ။ အခုတော့ ကရင်အသိုင်းအ၀ိုင်းက ရှေ့နေတွေနဲ့ လိုက်ထုတ်ဖို့ ကြိုးစားနေကြတယ်။ ဘာပြစ်မှုမှတ်တမ်းမှလည်းမရှိပါဘူး။ ရောက်တာ ၁ နှစ်ကျော်လေးပဲရှိသေးတော့ ပြန်လွတ်ဖို့များပါတယ်” ဟု ယင်းဖြစ်စဉ်ကို သိရှိထားသော ကရင်အသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အမေရိကန်ရောက် မြန်မာအသိုင်းအ၀ိုင်းကမူ လက်ရှိ အမေရိကန်သမ္မတ ထရမ့်လက်ထက်တွင် လူဝင်မှုကြီးကြပ်ရေးအရ တင်းကျပ်သော စစ်ဆေးမှုများစွာရှိနေရာ အမေရိကန်ရောက် မြန်မာများအနေဖြင့် အပြင်ထွက်ရာတွင်လည်း ကောင်း၊ အလုပ်သွားရာတွင်လည်းကောင်း မိမိ၏ အထောက်အထား စာရွက်စ ာတမ်းများကို ကိုယ်နှင့်မကွာ အမြဲ ယူဆောင်သွားကြရန် သတိပေးသည်။

“အမေရိကန်နိုင်ငံသားခံယူထားတဲ့ မြန်မာတွေကိုယ်တိုင်တောင် ကိုယ့်ရဲ့ နိုင်ငံကူးလက်မှတ် US Passport ကို ယူသွားကြပါဆိုပြီး နှိုးဆော်မှုတွေရှိပါတယ်။ အခု ICE က ကြမ်းလွန်း ရမ်းလွန်းတော့ ကိုယ့်မြန်မာတွေလည်းအများကြီး သတိသင့်တယ်။ Green Card ကိုင်ဆောင်ထားသူ တွေလည်း GC ကို အမြဲဆောင်ထားရမယ့် အချိန်ပါပဲ။ မြန်မာနိုင်ငံသားတွေကို ပစ်မှတ်ထားတာ မဟုတ်ပေမယ့် အမှုက ကိုယ့်ဆီ ရောက်လာနိုင်လို့ အမြဲ သတိထားသင့်တယ်” ဟု အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယား ပြည်နယ်တွင် နေထိုင်သော မြန်မာ့အရေး လှုပ်ရှားသူတစ်ဦးက ပြောဆိုသည်။

ဇန်နဝါရီလ ၇ ရက်နေ့ကလည်း မင်နီယားပူးလစ်မြို့တွင် မြန်မာနိုင်ငံသားအမျိုး သမီးတစ်ဦးကို ပြစ်မှုကြီးကျူးလွန်ထားသည်ဟု ဆိုကာအမေရိကန် လူဝင်မှုကြီး ကြပ်ရေး- ICE ကဖမ်းဆီးခဲ့ကြောင်း တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။

အမေရိကန်အစိုးရက ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံသားများအတွက် ခွင့်ပြုထားသော ယာယီနေထိုင်ခွင့် TPS( Temporary Protected Status)ကို ဖျက်သိမ်းကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အမေရိကန်သမ္မတထရမ့်က ဆိုမာလီယာနိုင်ငံသား ရွှေ့ပြောင်းများစွာ ရှိနေသည့်မင်နီဆိုးတားပြည်နယ်ကို ပစ် မှတ် ထား၍ လူဝင်မှုကြီးကြပ်ရေး-ICE တပ်ဖွဲ့များဖြင့် ဝင်ရောက်စီးနင်းမှုများ၊ စီမံချက်ဖြင့် ဖမ်းဆီးမှုများ လုပ်ဆောင်လျက်ရှိပြီး ယခုရက်ပိုင်းအတွင်းအမေရိကန်နိုင်ငံသူ အမျိုးသမီး ၁ ဦးကို ICE တပ်ဖွဲ့က ပစ်သတ်ခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article