ပဲခူးတိုင်း၊ မင်းလှမြို့နယ်ရှိ မဲရုံ ၂ ခုတွင် ကင်းစောင့်နေသော စစ်တပ်ကို မိုင်းခွဲတိုက် ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိနိုင်ကြောင်း မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၀ ရက်နေ့ ညနေ ၅ နာရီခန့်အချိန် မင်းလှမြို့နယ်၊ လက်ပံ ရေကျော်အုပ်စု၊ အမှတ် ၁ မဲရုံတွင် ကင်းစောင့်နေသော စစ်သား၊ ရဲနှင့် ပျူစောထီးများ အဝင်အထွက် ပြုလုပ်နေသည့် လမ်းပိုင်းကို မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိနိုင်ကြောင်း သိရသည်။
အလားတူ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၄ နာရီ ၂၅ မိနစ်ခန့်အချိန် မင်းလှမြို့၊ လမ်းမတော်လမ်း၊ တရုတ် ကျောင်းမဲရုံအနီးတွင် ကင်းစောင့်နေသော စစ်တပ်ကို မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် သာယာ၀တီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ – အုတ်ဖို မှ ရဲဘော်များက ထပ်မံ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ် တပ်ဘက်မှ ထိခိုက်မှုရှိနိုင်ကြောင်း သိရှိရသည်။
“မင်းလှမြို့နယ် အတွင်းမှာ စစ်ခွေး ရွေးကောက်ပွဲပြုလုပ်နေတဲ့ မဲရုံ ၂ ခုအနီးမှာ ကင်းစောင့်နေတဲ့ စစ်ခွေး၊ ရဲခွေးနဲ့ ပျူတွေကို ပစ်မှတ်ထားပြီး ကျနော်တို့ တိုက်ခိုက်တာဖြစ်တယ်။ အဲတိုက်ခိုက်မှုအတွင်း စစ်ခွေးတွေဘက်က ထိခိုက်မှုရှိပါတယ်။ ကျနော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ပါတယ်။ ပြည်သူတွေကို ပြောချင်တာကတော့ မင်းလှမြို့နယ်ထဲက စစ်ခွေးမဲရုံတွေကို ဆက်လက် တိုက် ခိုက်မှာဖြစ်တဲ့ အတွက် စစ်ခွေးတွေအနီးနဲ့ မဲရုံတွေကို သွားခြင်းမပြုလုပ်ကြဖို့ အသိပေးလိုတယ်” ဟု မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူကပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က ပြုလုပ်နေသည့် တရားမဝင် ရွေးကောက်ပွဲကို ပြည်သူများ မဲမပေးခြင်းဖြင့် ဆန့်ကျင်ကြရန်၊ တော်လှန်ရေး တပ်ဖွဲ့များအနေဖြင့် တရားမဝင်ရွေးကောက်ပွဲတွင် ပါဝင်ကြသူများ အပါအဝင် အားပေးကူညီကြသူများကို ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း မင်းလှ ပကဖ မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။
လက်ရှိချိန်တွင် မင်းလှမြို့ပေါ်ထိ တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက် ခိုက်မည်ဆိုသော သ တင်း များကြောင့် အကြမ်းဖက် စစ်တပ်က အင်အား ၃၀၀ ကျော်ဖြင့် မြို့ပေါ် နေရာအနှံ့တွင် တပ်ဖြန့်ထားကြောင်း သိရသည်။
အလားတူ ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ထွေ/အုပ်ရုံးကို ဒရုန်းဖြင့် ဗုံးကျဲသဖြင့် ထိခိုက်သေဆုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း ထန်းတပင်မြို့နယ်မှ တော် လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
“ထန်းတပင်မြို့နယ် ထွေ/အုပ်ရုံးမှာ ဒီနေ့မနက် မဲစာရင်း ကိစ္စ အစည်းအဝေး လုပ် နေတုန်း ဒရုန်းနဲ့ ဗုံးကျဲတာ။ ထိခိုက်သေဆုံးမှုရှိတယ်။ အစည်းအဝေးလာတက်တဲ့ လျှပ်စစ်အင်နီယာလည်း သေဆုံးတယ်။ ထန်းတပင်မြို့နယ်ထဲမှာလည်းပဲ တိုက်ပွဲတွေလည်းဖြစ်တယ်ကြားထားတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။
ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲ အပိုင်း ၂ အဖြစ် မြို့နယ် ၁၀၀ တွင် ရွေးကောက်ပွဲများ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်၏ မဲရုံတစ်ခု။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




