မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်ကုန်းရွာတွင် အထိုင်ချထားသော ပျူစောထီး စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးကြောင်း မြင်းခြံခရိုင် OneMore စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၁ ရက်နေ့တွင် မြင်းခြံမြို့နယ်၊ ကျောက်ကုန်းကျေးရွာတွင် အထိုင်ချ တပ်စွဲထားသော ပျူစောထီးစခန်းကို တော်လှန် ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုသည် ၁ နာရီခွဲကျော်ကြာမြင့်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များက ပျူစောထီးစခန်းကို သိမ်းပိုက်နိုင်ခဲ့ကာ ရှင်းလင်းရေး ပြုလုပ်ပြီးနောက် အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“မြင်းခြံမြို့နယ်၊ ကျောက်ကုန်းကျေးရွာက ပျူစောထီးအထိုင်စခန်းကို ကျနော်တို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့တယ်။ တိုက်ပွဲအတွင်းမှာတော့ စစ်ခွေးနဲ့ ပျူခွေး ၅ ဦးအပြင်းအထန် ထိခိုက်ဒဏ်ရာရတယ်။ စစ်ခွေးနဲ့ ပျူခွေး ၂ ကောင်ကတော့ သေဆုံးတယ်လို့ အတွင်းသတင်းအရ သိရပါတယ်။ တိုက်ပွဲကြာချိန်ကတော့ ၁ နာရီ ခွဲလောက်ကြာပါတယ်။ ရဲဘော်တွေ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်” ဟု မြင်းခြံခရိုင် OneMore စစ်ကြောင်းမှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် OneMore စစ်ကြောင်း ၊ မြင်းခြံခရိုင်တပ်ရင်း ၁ ၊ မြင်းခြံခရိုင်တပ်ရင်း ၂ ၊ ထနောင်းမြေစစ်ကြောင်း၊ မိုရှည်ဒါးယမ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပတ္တာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။




