ရန်ကုန်၊ ဇန်နဝါရီ ၁၁
ပဲခူးတိုင်း၊ ဖြူးမြို့နယ်နှင့် ထန်းတပင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်း၊ ထွေ/အုပ်ရုံးနှင့် ရဲစခန်းတို့ကို ဝင်ရောက် တိုက်ခိုက်ရာ ခရိုင်ဒု – ညွှန်ကြားရေးမှူး ၁ ဦး အပါအဝင် စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း ပဲခူးတိုင်း စစ်ဌာနမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇန်နဝါရီ ၁၁ ရက်နေ့တွင် အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ စစ်တောင်းမြစ်ဝှမ်းဒေသ အောင်မြင်စစ်ဆင်ရေး နောက်ဆက်တွဲအဖြစ် ဖြူးမြို့နယ်၊ ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်ရှိ အကြမ်းဖက်စစ်တပ် ဆာဂွန်းဂိတ်အထိုင်စခန်း၊ ထန်းတပင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ဖော်ဆောင်သည့် အထွေထွေအုပ်ချုပ်ရေးရုံး၊ ထန်းတပင်မြို့နယ်ရဲစခန်း တို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဆက်လက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်၊ ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်ရှိ အကြမ်းဖက် စစ်တပ်၏ ဆာဂွန်းဂိတ်အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကြောင်း၊ အလားတူ ထန်းတပင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ဖော်ဆောင်သည့် အထွေထွေအုပ်ချုပ်ရေးရုံးကို တိုက်ခိုက်မှုအတွင်း အစည်းအဝေးပြုလုပ်နေသည့် အကြမ်းဖက်စစ်ကော်မရှင်ဒေါက်တိုင် ခရိုင် ဒု – ညွှန်ကြားရေးမှူး ၁ ဦးသေဆုံးကာ အခြားဌာနဆိုင်ရာဝန်ထမ်း အများအပြားထိခိုက်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ထန်းတပင်မြို့နယ်ရဲစခန်းကို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂ ဦးသေဆုံးကာ ဗိုလ်မှူး ၁ ဦး အပါအဝင် စစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ မင်းလှမြို့နယ်တွင်လည်း အကြမ်းဖက်စစ်တပ်၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို လုံခြုံရေးယူပေးနေသည့် အကြမ်းဖက်စစ်သားများကို ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့၊ နံနက်ပိုင်းတွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ပေါင်းတည်မြို့နယ်၊ ပေါက်တောရွာရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၁၀ တပ်ရင်းကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆင်ရေးကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၃) ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၅၀၂) တပ်ရင်း၊ ဒရုန်းအဖွဲ့၊ ဗျူဟာ(၂၂) ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၈၀၂) တပ်ရင်း၊ တပ်ခွဲ(၄)၊ ဗျူဟာ(၂၁) ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၆၀၁) တပ်ရင်း၊ အမှတ်(၃) ဧရာဝတီတပ်ရင်း၊ ဖြူးမြို့နယ်ပကဖ၊ မင်းလှမြို့နယ်ပကဖ တို့ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ရှိအချိန်တွင် အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်း စစ်ဌာန နယ်မြေအတွင်း စစ်ရေးအခြေအနေများ တင်းမာလျက်ရှိနေပြီး ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ်စခန်းများ အနီးဝန်းကျင်သို့ မလိုအပ်ဘဲ သွားရောက်ခြင်းများမပြုကြပါရန် ပဲခူးတိုင်း စစ်ဌာနက အသိပေးပြောဆိုထားသည်။





