ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်ရှိ မဲရုံ ၃ ခုတွင် ကင်းစောင့်နေသော အကြမ်းဖက် စစ်သားများနှင့် ခမရ ၁၀ တပ်ရင်းတို့ကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၅ နာရီ ၁၅ မိနစ်ခန့်တွင် ပေါင်းတည်မြို့နယ်၊ ရှမ်းကုန်းရွာထိပ်၌ မဲရုံအား လုံခြုံရေး ယူပေးနေသော စစ်သားများနှင့် သပြေကြီးစုရွာ-ချောင်းခွရွာ အကြားရှိ ချောင်းခွရွာမဲရုံအတွက် လုံခြုံရေးယူပေးနေသော စစ်သားများကို ၃၆၀၁ တပ်ရင်း တပ်ခွဲ ၅ မှ ရဲဘော်များက တပြိုင်တည်း မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ၃၆၀၁ တပ်ရင်း တပ်ခွဲ ၂ မှ မွန်းလွဲ ၁ နာရီခန့်တွင် မြို့တွင်းရွာမဲရုံကို လုံခြုံရေးယူပေးနေသော အကြမ်းဖက် စစ်သားများကိုလည်း မြို့တွင်းရွာထိပ်အနီးတွင် ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် နံနက် ၁၀ နာရီခန့်ကလည်း ဗျူဟာ ၂၁ မှဦးဆောင် ပြီး ပြည်ခရိုင်အမှတ် ၁ တပ်ရင်း တပ်ရင်းစစ်ကြောင်းက ပေါ် ပေါက်တောရွာရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၁ဝ တပ်ရင်းထဲကိုလည်း ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“ဒီတိုက်ခိုက်မှုတွေက ဗျူဟာ ၂၁ ဦးစီးကွပ်ကဲမှုနဲ့ ၃၆၀၁ တပ်ရင်း ရဲဘော်တွေက လုပ်ဆောင်ခဲ့တာပါ။ စစ်ခွေးတွေ ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ ကျနော်တို့ ဆက်လက်စုံစမ်းနေပါတယ်။ ရဲဘော်တွေကတော့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ပြောဆိုသည်။




