ရန်ကုန်၊ ဇန်နဝါရီ ၁၂
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ သီးဘွာလ်ရွာရှိ တိုက်နယ်ဆေးရုံကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၁ ရက်နေ့ ည ၉ နာရီ ၂၂ မိနစ်ခန့်တွင် ဖလမ်းမြို့နယ် သီးဘွာလ်ကျေးရွာရှိ တိုက်နယ်ဆေးရုံကို အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း အဆောက်အဦးများ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
“မနေ့က ည ၉ နာရီကျော်လောက်မှာ စစ်ခွေးတွေက ဖလမ်းမြို့နယ် သီးဘွာလ်ရွာမှာရှိတဲ့ တိုက်နယ်ဆေးရုံကို လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့တာပါ။ ပြည်သူတွေတော့ ထိခိုက်မှုမရှိဘူးလို့ သိရတယ်။ စစ်ခွေးတွေ ဗုံးကျဲလို့ ဆေးရုံ အဆောက်အဦးတွေကတော့ ထိခိုက်ပျက်စီးသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ချောင်ဦးမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများက ကျေးရွာချင်းဆက် လမ်းပိုင်းများ၌ နင်းမိုင်းများ ထောင်ထားခဲ့ကြောင်း ချောင်းဦးမြို့နယ် တော်လှန်ရေးတပ်- Chaung U Revolution Army မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ချောင်ဦးမြို့နယ်၊ ကင်မွန်းတော်ရွာမှ အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများသည် ၎င်းတို့ ရွာအနီးအနားရှိ ပြည်သူများ အသုံးပြုနေသော ရွာချင်းဆက် လမ်းပိုင်းများတွင် နင်းမိုင်းများ ထောင်ထားခဲ့ကြောင်း၊ ထိုနင်းမိုင်းများကို မုံရွာခရိုင် အမှတ် ၁၅ တပ်ရင်းမှ ရဲဘော်များက သွားရောက် ရှင်းလင်းပေးခဲ့ပြီး မိုင်း ၁၀ လုံး သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။
“စစ်ခွေးတွေဘက်က ထောင်ထားတဲ့ နင်းမိုင်းတွေကြောင့် ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုး မရှိပါဘူး။ ကျွန်တော်တို့အဖွဲ့က ပြည်သူ့ ရှေ့ကပဲ နေတာပါ။ စစ်ခွေးတွေက မိုင်း ၁၀ လုံးထောင်သွားတယ်။ နင်းမိုင်း ၁၀ လုံးလုံးကို ရှင်းလင်းဖယ်ရှားနိုင်ခဲ့တယ်” ဟု ချောင်းဦးမြို့နယ် တော်လှန်ရေးတပ်- Chaung U Revolution Army မှ တာဝန်ရှိသူပြောဆိုသည်။






