ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ KNA ဘက်တံဆိပ်ပြောင်းသွားသော BGF စခန်း ၂ ခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ KNA စစ်သည် ၁ ဦးသေဆုံးသွားကြောင်း ကရစ်စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၅ မိနစ်အချိန် ကရင်ပြည်နယ် ဘားအံမြို့မြောက်ပိုင်း၊ သိုက်တောရွာနှင့်ဥဒေါင်းရွာရှိ BGF စခန်း ၂ ခုသို့ စစ်တပ်က တိုက်လေယာဉ်၊ ဒရုန်းများဖြင့် ဗုံးကျဲချခဲ့ကြောင်း ၊ စစ်တပ်၏ ဗုံးကျဲမှုကြောင့် KNA စစ်သား ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“BGF စခန်းကို ဗုံးကျဲတာက KNA ဘက်တံဆိပ်ပြောင်းတာ မပြောင်းတာမဟုတ်တော့ဘူး။ ဘက်မတူတော့ဘူးဆိုပြီး ဗုံးကျဲတာမျိုးလို့ ပြောလို့ရတယ်။ စစ်သည် ၁ ဦးကတော့ သေဆုံးပါတယ်။ လေယာဉ်နဲ့ ဗုံးကျဲတယ်။ ပြီးတော့ ဒရုန်းနဲ့ပါ ဗုံးထပ်ကျဲတယ်” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ယမန်နေ့ ဗုံးကျဲမှုအတွင်း အရပ်သား ၂ ဦးနှင့်အတူ BGF/KNA တပ်ဖွဲ့ဝင် ၂ ဦးပါ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ BGF စခန်းမှန်း သိလျက်ဖြင့်ပင် လေကြောင်းတိုက်ခိုက်မှုကို စစ်တပ်က လုပ်ဆောင်ခဲ့ဖြစ်ကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။
“မှားယွင်းကျဲတာလည်းမဟုတ်ဘူး။ တမင်ကို လေယာဉ်နဲ့ ကျဲတယ်။ ဒရုန်းနဲ့ လာကျဲတယ်။ တမင်ကို ကျဲတာ။ KNA ဘက်တံဆိပ်ပြောင်းတာ မကျေနပ်လို့လို့ ယူဆရတယ်” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ဇန်နဝါရီလ ၁ ရက်နေ့ BGF တပ်တချို့ က KNA သို့ ဘက်တံဆိပ်ပြောင်းသွားပြီးနောက် BGF တပ်ရင်းတပ်ဖွဲ့များတွင် တွဲဖက်ထားသော စစ်တပ်အရာရှိများ၊ စစ်သည်များနှင့် မိသားစုဝင်များအားလုံးကို ဇန်နဝါရီလ ၂ ရက်နေ့တွင် ပြန် လည်ခေါ်ယူခဲ့ကြောင်း၊ ယင်းအပြင် KNA ဘက်တံဆိပ်ပြောင်းသွားသော BGF တပ်များနှင့် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားလာနိုင်သဖြင့် စစ်ရေးနှင့်လုံခြုံရေး အထူးသတိပြုကြရန် အရှေ့တောင်တိုင်းစစ်ဌာနချုပ်က ညွှန်ကြားခဲ့ကြောင်း၊ ယခုအခါ စစ်တပ်က လေကြောင်းတိုက်ခိုကမှုများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
BGF တပ်တချို့က KNA ဘက်တံဆိပ်ပြောင်းရာတွင် BGF တပ်နယ် ၂ နှင့် တပ်နယ် ၃ ကသာ KNA ဘက်တံဆိပ်ပြောင်းလဲပြီး BGF တပ်နယ် ၁ နှင့် တပ်နယ် ၄ မှာ ဘက်တံဆိပ် မပြောင်းလဲသေးကြောင်း၊ အဆိုပါ ဘက်တံဆိပ်မပြောင်းသည့် BGF တပ်များမှာ စစ်တပ်နှင့်တိုက်ရိုက်ချိတ်ဆက်နေကြကြောင်း သိရှိရသည်။
BGF တပ်ဖွဲ့များကို ၂၀၁၀-၂၀၁၁ ခုနှစ်အတွင်း ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်း တပ်နယ် ၄ ခု ၊ တပ်ရင်း ၁၃ ရင်းဖြင့် စစ်တပ်က ဖွဲ့စည်းထူထောင်ပေးခဲ့ခြင်းဖြစ်သည်။




