ရန်ကုန်၊ ဇန်နဝါရီ ၁၃
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေ-ကမ္မ လမ်းပိုင်း တစ်လျှောက်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကျဲနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေပိုင်းမှ စတင်ပြီး ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းထိ အကြမ်းဖက် စစ်တပ်က မြစ်ခြေ-ကမ္မ လမ်းပိုင်းရှိ ကျေးရွာများကို လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း နေအိမ်များ ထိခိုက်ပျက်စီးမှုရှိပြီး ပြည်သူများ စစ်ဘေးတိမ်းရှောင်နေသောကြောင့် ထိခိုက်သူမရှိကြောင်း ကနဦး သိရသည်။
“ကျနော်တို့ ကနဦးသိရတာတော့ ပြည်သူတွေ ထိခိုက်မှုမရှိဘူး။ နေအိမ်တွေပျက်စီးတာတော့ရှိပါတယ်။ မနေ့ကကော ဒီနေ့ကော ဗုံးကျဲ တိုက်ခိုက်နေတာပါ။ ပြည်သူတွေက တိမ်းရှောင်နေရကြတော့ ရွာထဲမှာ လူမရှိဘူးလို့သိရတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်သည် မြစ်ခြေမြို့ အနီးရှိ ကျေးရွာများနှင့် မြစ်ခြေ-ကမ္မ လမ်းပိုင်း တစ်လျှောက်ရှိ ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ ပြည်သူများကို ပစ်မှတ်ထားပြီး လေကြောင်း တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်လာနိုင်သည့်အတွက် ပြည်သူများ သတိပြုနေထိုင်ကြရန် တော်လှန်ရေး အင်အားစုများက အသိပေးပြောဆိုထားသည်။
အလားတူ မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့အခြေစိုက် အမှတ် ၃၆၈ တပ်ရင်းအတွင်းသို့ လက်နက်၊ ခဲယမ်း၊ စစ်အင်အားများဖြည့်တင်းစဉ် မြို့ပတ်ပတ်လည်ကို ဂျက်ဖိုက်တာ၊ Y12 လေယာဉ်များဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ယောအလင်းတန်းမှ ကိုအောင်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။
ယနေ့ ဇန်နဝါရီလ ၁၃ ရက် နံနက် ၁၀ နာရီ ၅၉ မိနစ်က မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ မှ တက်လာသော Mi-17 Helicopter ၂ စီးသည် ကျောက်ထုမြို့အခြေစိုက် အ မှတ် ၃၆၈ အမြောက်တပ်- အမတ ၃၆၈ တပ်ထဲသို့ ဆင်းသက်ခဲ့ပြီး စစ်သားအင်အား၊ လက်နက်ခဲ ယမ်းများ ဖြည့်တင်းကာ ၅ မိနစ်အကြာ၌ ပြန်တက်သွားကြောင်း၊ ထိုသို့ ရဟတ်ယာဉ် ၂ စီးဆင်းသက်နိုင်ရန်အတွက် အကြမ်းဖက်စစ်တပ်၏ တံတားဦး လေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးသည် နံနက် ၁၀ နာရီ ၄၁ မိနစ်တွင် တစ်ကြိမ်၊ ၁၀ နာရီ ၄၂ မိနစ် တွင် တစ်ကြိမ်၊ ၁၀ နာရီ ၄၅ မိနစ်တွင် တစ်ကြိမ်နှင့် ၁၀ နာရီ ၄၆ မိနစ်တွင်တစ်ကြိမ် ကျောက်ထု တိုက်နယ်အတွင်းရှိနေရာများကို ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ရဟတ်ယာဉ် ဆင်းသက်နေစဉ် အကြမ်းဖက်စစ်တပ်၏ တံတားဦး လေတပ်မှ တက်လာ သော Y-12 Military Transport Aircraft ဗုံးကျဲလေယာဉ်တစ်စီးဖြင့်လည်း အမှတ် ၃၆၈ တပ်ဝန်း ပတ်ပတ်လည်ကို ပျံဝဲကာ ၈ ကြိမ်ခန့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ကျောက်ထုအမြောက်တပ်ထဲကို Mi17 ဟယ်ရီကော်ပတာ ၂ စီး မဆင်းခင် ဂျက်ဖိုက်တာ ၂ စီးနဲ့ လာပစ်သွားတယ်။ Mi17 ဆင်းတဲ့အချိန်မှာ ဒုတိယအကြိမ် Y12 နဲ့ ပတ်ပတ်လည် ဗုံးကျဲသွားတာပါ။ ၃၆၈ ပတ်ပတ်လည်ကို ဝဲပြီးတော့ အနီးအနားတွေမှာ ဗုံးသီးတွေချတာပေါ့။ ဂျက်ဖိုက်တာနဲ့ ပစ်ခတ်မှု ကတော့ ပြည်သူတွေထိခိုက်မှုမရှိဘူးလို့ လတ်တလောသိရပါတယ်။ Y12 နဲ့ကတော့ ပတ်ပတ်လည် ချတာဆိုတော့ အကုန်လုံးမေးကြည့်ဖို့ မလွယ်သေးဘူး၊ လတ်တလောကြားသိရလောက်တော့ ထိခိုက်မှုရှိတယ်လို့ မကြားရသေးဘူး” ဟု ယောအလင်းတန်းမှ ကိုအောင်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။
ကျောက်ထုမြို့အမြောက်တပ်အတွင်းသို့ စစ်အင်အား၊ လက်နက်ခဲယမ်းအင်အားများဖြည့်တင်းထား ပြီး လေကြောင်းဖြင့်လည်း ဗုံးကျဲတိုက်ခိုက်လျက်ရှိသောကြောင့် ကျောက်ထုမြို့ပတ်ဝန်းကျင်နေ မိဘပြည်သူများ အနေဖြင့် စစ်ရေးသတိရှိကြရန်နှင့် လေကြောင်းအန္တရာယ်ကို အထူးဂရုစိုက်နေထိုင် ပေးကြပါရန် ယောအလင်းတန်းက မေတ္တာရပ်ခံထားသည်။
ဓာတ်ပုံ – ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ အတွင်း ခင်ဦးမြို့နယ် ဗျူဟာလမ်းပိုင်းပေါ်တွင် အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် မီးလောင်ပျက်စီးမှု မြင်ကွင်း။




