30 C
Yangon

မြန်မာစစ်တပ် ကျူးလွန်သော စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တရားစွဲဆိုနိုင်ရေး ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)က တီမောနိုင်ငံတွင် တရားဝင်တိုင်ကြား

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃

အကြမ်းဖက် မြန်မာစစ်တပ်က ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုများအတွက် တရားစွဲနိုင်ရေး ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)က တီမောနိုင်ငံတွင် တရားဝင်တိုင်ကြားလိုက်ကြောင်း အဆိုပါ အဖွဲ့ သတင်းထုတ်ပြန်သည်။

မြန်မာစစ်ကောင်စီက ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများမှ နစ်နာသူများကို ကိုယ်စားပြုသည့်အဖွဲ့က တီမောလက်စ်တေနိုင်ငံရှိ ပြည်သူ့ရှေ့နေရုံးသို့ စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်ပေးရန် တောင်းဆိုသည့် ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားစာတစ်စောင်ကို ယနေ့ တင်သွင်းခဲ့ကြသည်။

ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ၏ အမှုဆောင်ဒါရိုက်တာနှင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဆလိုင်းဇာအုပ် (Salai Za Uk) ၏ အဆိုအရ တင်သွင်းလိုက်သည့် ရာဇဝတ်မှုဆိုင်ရာ ဖိုင်တွဲတွင် ကိုယ်ဝန် ဆောင်အမျိုးသမီးတစ်ဦးကို အုပ်စုလိုက်မုဒိမ်းကျင့်မှု၊ သတင်းထောက်တစ်ဦးနှင့် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် လူ ၁၀ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ ယင်းအနက် လူ ၈ ဦးမှာ လည်လှီးသတ်ဖြတ်ခံရမှုများ ပါဝင်ကြောင်း သိရှိရသည်။

ထို့ပြင် ခရစ်ယာန်သိက္ခာတော်ရဆရာတော်တစ်ဦးနှင့် သင်းထောက် ၃ ဦးတို့ကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှု၊ ဆေးရုံတစ်ခုကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု (ယင်းတိုက်ခိုက်မှုကြောင့် ဆေးဘက်ဆိုင်ရာဝန်ထမ်း ၄ ဦးနှင့် လူနာ ၄ ဦး သေဆုံးခဲ့မှု)၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများကို ဆက်တိုက်တိုက်ခိုက်မှုများ ပါဝင်ကြောင်း သိရှိရသည်။

တီမောလက်စ်တေနိုင်ငံ၏ ဥပဒေအရ ကျူးလွန်သည့်နေရာ သို့မဟုတ် နစ်နာသူနှင့် ကျူးလွန်သူ၏ နိုင်ငံသားဖြစ်မှုအပေါ် မမူတည်ဘဲ အရေးယူဆောင်ရွက်နိုင်သည့် “ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်” (Universal Jurisdiction) မူဝါဒဖြင့် ဤရာဇဝတ်မှုများကို အရေးယူခွင့်ရှိနေကြောင်း သိရှိရသည်။

တီမောလက်စ်တေ ရှေ့နေအဖွဲ့မှ အကြီးတန်းအဖွဲ့ဝင်ဖြစ်သူ Jose Teixeira က “ဒီအမှုဟာ တီမောရဲ့ တရားစီရင်ရေးစနစ်အပေါ် ဖိအားဖြစ်စေမှာ မဟုတ်ပါဘူး၊ ဘာလို့လဲဆိုတော့ CHRO က သေချာမှတ်တမ်းတင်ထားတဲ့ သက်သေတွေအပြင် ကုလသမဂ္ဂက ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) မှာလည်း ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ အများကြီးရှိနေလို့ပါ” ဟု ပြောကြားသည်။

ချင်းပြည်နယ်အတွင်း စစ်တပ်က ၂၀၂၂ ခုနှစ် ဇူလိုင်လမှစ၍ ချင်းပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၁,၀၀၀ ခန့် ပြုလုပ်ခဲ့ပြီး အရပ်သားနေအိမ် ၄,၆၀၀ ကျော် ပျက်စီးခဲ့ကာအမျိုးသမီး ၉၁ ဦးနှင့် ကလေး ၇၉ ဦး အပါအဝင် အရပ်သား ၄၇၈ ဦး သေဆုံးခဲ့ကြောင်း၊ဘာသာရေးအဆောက်အအုံ ၁၂၇ ခု (ဘုရားရှိခိုးကျောင်း ၇၈ ကျောင်း အပါအဝင်)၊ စာသင်ကျောင်း ၂၅ ကျောင်းနှင့် ဆေးရုံ/ဆေးခန်း ၁၉ ခု ပျက်စီးခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်အထိ ဒေတာများအရ စစ်တပ်ကြောင့် အရပ် သား ၆,၄၇၃ ဦး သေဆုံးခဲ့ပြီး ယင်းအနက် အမျိုးသမီး ၁,၄၈၇ ဦးနှင့် ကလေး ၇၄၈ ဦး ပါဝင်ကြောင်း ၊

လူပေါင်း ၃၀,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ၂၂,၀၀၀ ကျော်မှာ ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်ကာ စစ်ကြောရေးတွင် နှိပ်စက်ခံရ၍ သေဆုံးသူများလည်း ရှိနေကြောင်း၊ စစ်တပ်က လူပေါင်း ၁၇၂ ဦးကို သေဒဏ်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

ဆလိုင်းဇာအုပ်က မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည် ၁၉၉၁ ခုနှစ်က တီမောလက်စ်တေနိုင်ငံ၊ ဒီလီမြို့ရှိ Santa Cruz သုသာန်တွင် လူပေါင်း ၂၅၀ ကျော် အသတ်ခံခဲ့ရသည့် သွေးထွက်သံယိုဖြစ်ရပ်နှင့် ဆင်တူနေကြောင်း နှိုင်းယှဉ်ပြောကြားသည်။

မြန်မာနိုင်ငံတာဝန်ခံမှုစီမံချက် (Myanmar Accountability Project) မှ Chris Gunness က တီမောလက်စ်တေအစိုးရအနေဖြင့် အဆိုပါအမှုကို စုံစမ်းစစ်ဆေးရန် စတင်ခြင်းဖြင့် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေမှာ ဆက်သွား၍မရတော့ဘဲ ပြောင်းလဲရတော့မည်ဆိုသော အာဆီယံဒေသအတွင်းသို့ ပြင်းထန်သော သတင်းစကား ပါးလိုက်ခြင်းဖြစ်သည်ဟု မှတ်ချက်ပြုသည်။

တိုင်ကြားသူများက တီမောလက်စ်တေ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ကက်သလစ်အသင်းတော်နှင့် တီမောပြည်သူများအနေဖြင့် မြန်မာပြည်သူများအတွက် တရားမျှတမှု၊ ငြိမ်းချမ်းမှုနှင့် လူသားဂုဏ်သိက္ခာတို့ ရရှိနိုင်ရန် ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံထားကြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article