ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် PJ အလုပ်အကိုင်နိုင်ငံကူးလက်မှတ်များ သာမက PV အလည်နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပထွက်ခွာမည့်သူများပါ လေယာဉ်ပေါ်တက်ခွင့်မရဘဲ လှည့်ပြန်နေရကြောင်း ပြည်ပ အလုပ်အကိုင်အေဂျင်စီများနှင့်ပြည်ပထွက်ခွာရန် ငြင်းဆိုခံရသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၁ ရက်နေ့ ညနေပိုင်းတွင် PJ အလုပ်အကိုင် နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပသို့ ထွက်ခွာမည်ဆိုပါက အလုပ်သမားဝန်ကြီးဌာနထံသို့ အီးမေးလ်ဖြင့် အကြောင်းကြားရုံဖြင့် မရတော့ဘဲ အလုပ်သမားဝန်ကြီးဌာန၏ ခွင့်ပြုချက်ယူရန် လျှောက်ထားရမည်ဖြစ် ကြောင်း၊ ထို့ပြင် ပြည်ပ သို့ ထွက်ခွင့်ပြုသည့် နာမည်စာရင်းတွင် ပါဝင်မှ ပြည်ပသို့ ထွက်ခွာခွင့်ပြုမည်ဖြစ်ကြောင်း၊ ပြည်ပထွက်ခွာခွင့်ကို ရုံးပိတ်ရက်မပါ ၅ ရက်ကြိုတင် လျှောက်ထားရမည်ဖြစ်ကြောင်း သိရှိရသည်။
ဇန်နဝါရီလ ၁၁ ရက်နေ့မှစတင်၍ ပြည်ပသို့ ထွက်ခွာရာတွင် PJ နိုင်ငံကူးလက်မှတ်များသာမက PV နိုင်ငံကူးလက်မှတ်များပါ တင်းကျပ်စွာ စစ်ဆေးပြီး ပြည်ပထွက်ခွင့်မပြုဘဲ လေဆိပ်မှ လည့်ပြန်ခိုင်းမှုများ များပြားနေကြောင်း သိရှိရသည်။
“PJ တွေကတော့ OWIC ကတ်အပြင် အလုပ်သမားဝန်ကြီးဌာနက ခွင့်ပြု နာမည်စာရင်းပါမှ ပြည်ပထွက်ခွင့်ပေးမှာကို ဇန်နဝါရီလ ၁၄ ရက်နေ့ အထိ နာမည်စာရင်းမပါဘဲ ပြည်ပကို ထွက်ဖို့ လုပ်သူတွေ ရှိတယ်။ အဲဒါတွေလည်း အကုန် လေဆိပ်က လှည့်ပြန်ရတာပဲ” ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုမှ တာဝန်ရှိသူက ရှင်းပြသည်။
ယင်အပြင် PV နိုင်ငံကူးလက်မှတ်များလည်း ပြည်ပသို့ အလည်အပတ်ထွက်ခွာကြရာတွင်လည်း အထောက်အထား၊ လေယာဉ်လက်မှတ်အသွားအပြန်၊ ဗီဇာ၊ Show Money ၊ ဟိုတယ်ဘိုကင်များ ပြည့်ပြည့်စုံစုံရှိသည့်တိုင် လေယာဉ်ပေါ်တက်ခွင့်မပြုဘဲ လေဆိပ်မှ လှည့်ပြန်ခိုင်းမှုများ အလွန်များပြားနေကြောင်း သိရှိရသည်။
“PV နိုင်ငံကူးလက်မှတ်နဲ့ ပထမအကြိမ် First Time အမျိုးသမီးရော အမျိုးသားတွေရော လေယာဉ်ပေါ် ပေးမတက်ဘူး။ နောက်ပြီး ခဏခဏ ထိုင်းကို အသွားအပြန်လုပ်နေတဲ့ PV သမားတွေလည်း ဘာဖြစ်လို့မှန်းမသိဘဲ လေယာဉ်ပေါ် ပေးမတက်ပြန်ဘူး။ အထောက် အထားစာရွက်စာတမ်းနဲ့ Show Money အစုံပါတယ်။ ဘာလို့ ပေးမထွက်တာလဲမေးတော့လည်း ဘာမှ တိတိကျကျ မဖြေဘူး” ဟု ထိုင်းနှင့်စင်ကာပူသို့ ပထမအကြိမ် အလည် အပတ်သွားမည့် လူငယ် ၃ ဦးကို ခရီးသွားဝန်ဆောင်မှု ပေးခဲ့သော်လည်း ၃ ဦးစလုံး ပြည်ပထွက်ခွင့်အငြင်းခံခဲ့ရသော ရန်ကုန်အခြေစိုက် ခရီးသွား Tour အေဂျင်စီမှ ဝန်ထမ်းတစ်ဦးက ရှင်းပြသည်။
PV နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများ အခက်အခဲ အတားအဆီးမရှိ VIP ပြည်ပထွက်ခွင့်လမ်းကြောင်းမှာလည်း ဆက်လက် တွင်ကျယ်နေဆဲဖြစ်ပြီး လူ တစ်ဦးလျှင် ငွေကျပ် သိန်း ၅၀ ဝန်းကျင်တွင် စျေးပေါက်နေဆဲဖြစ်ကြောင်း သိရှိရသည်။




