ရန်ကုန်၊ ဇန်နဝါရီ ၁၄
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အနီးရှိ ရွှေဖောင်လုပ်ကိုင်သော နေရာများ အပါအဝင် ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၁၀ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Infinity Group မှ တာဝန်ရှိသူ တစ်ဦးနှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီဝန်းကျင်မှ စတင်ပြီး မွန်းလွဲ ၃ နာရီကျော်ထိ အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၄ စီးဖြင့် ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်ဝန်းကျင်ရှိ ရွှေလုပ်ငန်း လုပ်ကိုင်နေသော ရွှေဖောင်များ အပါအဝင် ကျေးရွာအတွင်းရှိ နေရာများကို လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ လက်ရှိချိန်တွင် ကျေးရွာနေ ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
“ပြည်သူတွေ ထိခိုက်မှုရှိပေမယ့် အရေအတွက်ကိုတော့ ကျနော်တို့လည်း အတည်မပြုနိုင်သေးဘူး။ သဖန်းဆိပ်ဆည်အနီးက ရွှေဖောင်လုပ်ကိုင်တဲ့ နေရာတွေ အပါအဝင် ဘယ်ရွာတွေကို ကျဲသွားတယ်ဆိုတာကတော့ ကျနော်တို့လည်း အတည်မပြုနိုင်သေးဘူး” ဟု Infinity Group မှ တာဝန်ရှိသူက ပြောဆိုသည်။
အလားတူ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ မြစ်ခြေမြို့အနီးမှ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်၊ စက်တပ်လေထီးများဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇန်ဝါရီလ ၁၄ ရက်နေ့နှင့် ဇန်နဝါရီလ ၁၃ ရက်နေ့တို့တွင် အကြမ်းဖက် စစ်တပ်က မြစ်ခြေမြို့အနီးရှိ ကျေးရွာများကို လေယာဉ်၊ စက်တပ်လေထီးများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ ၁ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း၊ ထို့ပြင် လေကြောင်းတိုက်ခိုက်မှုအတွင်း ကျေးရွာအတွင်းရှိ နေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
“မြစ်ခြေမြို့အနီးကရွာတွေကို ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်နေတာ ဘာတိုက်ပွဲမှ ဖြစ်ပွားတာမရှိပါဘူး။ စစ်ခွေးတွေက ပြည်သူတွေ နေထိုင်တဲ့ ရွာတွေကို ရည်ရွယ်ချက်ရှိရှိ လိုက်လံ ဗုံးကျဲနေတာ မနေ့က ဗုံးကျဲတာက ပြည်သူ ၂ ဦးတော့ ထိခိုက်သွားတယ်။ ဒီနေ့ ဗုံးကျဲတာကတော့ ပြည်သူတွေ ထိခိုက်မှုမရှိဘူးလို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ – မန္တလေးတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင် ပျက်စီးနေစဉ် (ပုံအဟောင်းဖြစ်သည်)




