ရန်ကုန်၊ ဇန်နဝါရီ ၁၆
မကွေးတိုင်း၊ စလင်းမြို့မြို့နှင့် ဆင်ဖြူကျွန်း မြို့ပေါ်ရှိ ဆေးရုံ၊ ရပ်ကွက်များကို အကြမ်းဖက် စစ်တပ်က ၃ ရက်ဆက်တိုက် ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးခြင်းကြောင့် လူငယ် ၆၀ ကျော် ဖမ်းဆီးခံရပြီး ငွေကြေးပေးနိုင်သည့် လူငယ် ၆ ဦးကို ငွေကျပ် ၁၆၅ သိန်းဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့ထိ စလင်းမြို့နှင့် ဆင်ဖြူကျွန်းမြို့ပေါ်ရှိ ဆေးရုံ နှင့် ရပ်ကွက်များကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီူ လူငယ် ၆၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးခံရသူများထဲတွင် အသက် ၁၇ နှစ်အရွယ် နှင့် အသက် ၄၀နှစ်အရွယ်များ ပါဝင်ကြောင်း၊ လက်ရှိချိန်တွင် ပေါ်တာဆွဲ ဖမ်းဆီးထားသူများကို စလင်းမြို့ပေါ်ရှိ ထွေ/အုပ်ရုံးအချုပ်နဲ့ စလင်းရဲစခန်းထဲ၌ ချုပ်နှောင်ထားကြောင်း သိရှိရသည်။
ထိုသို့ ဖမ်းဆီးခံရသူများထဲမှ ငွေကြေးဖြင့် ပြန်လည် ရွေးထုတ်နိုင်သော လူငယ် ၆ ဦးကို တစ်ဦးလျှင် ငွေကျပ် ၁၆၅ သိန်းဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း၊ ကျန်ရှိသူများမှာ ငွေကြေးပေးနိုင်ခြင်းမရှိသောကြောင့် ဆက်လက် ဖမ်းဆီးထားကာ စစ်သင်တန်းကျောင်းသို့ ပို့ဆောင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။
“စလင်းနှင့် ဆင်ဖြူကျွန်းမြို့ ပေါ် မှာရှိတဲ့ ဆေးရုံနဲ့ ရပ်ကွက်တွေကို စစ်ခွေးတွေက ဝင်ရောက်စီးနင်းပြီး ပေါ်တာ ဆွဲတာ လူငယ် ၆၀ ပေါ်တာဆွဲခံရပြီး ၆၀ ထဲက ၆ ဦးပဲ ပိုက်ဆံနဲ့ ရွေးလို့ ပြန်လွတ်လာတယ်။ ၁၃ ရက်နေ့က စပါးလာတိုက်တဲ့ကားပေါ်ကနေ လူငယ် ၃ ဦးရယ်။ စိုက်ပျိုးရေးဆေးဆိုင်ကလူငယ် ၁ ဦးရယ်။ အလုပ်ပြန်လူငယ် ၃ ဦးရယ်။ တောစိမ့်ကျေးရွာကလူငယ် ၁ ဦးကို ဖမ်းလာပြီး ရဲစခန်းကနေ ထွေအုပ်ရုံးထဲခေါ်သွားတာ တစ်ယောက်ကို ၁၆၅ သိန်း တောင်းတယ်။ ဇန်နဝါရီလ ၁၄ ရက်နေ့မှာတော့ ကန်တိုင်ကွေ့ရွာဘက်မှာ စစ်ကြောင်းဝင်ရင်းနဲ့ လူငယ် ၂ ယောက်ကို စလင်းတောင်အထွက်မှာ ပေါ်တာဆွဲတယ်။ ဇန်နဝါရီလ ၁၅ ရက်နေ့မှာတော့ စလင်းမြို့ပေါ်က စစ်ခွေးတွေက ဧည့်စာရင်း လူငယ် ၁၆ ဦးကို ပေါ်တာဆွဲသွားတာ”ဟု ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ပြောဆိုသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်သည် စလင်းမြို့နှင့်ဆင်ဖြူကျွန်းမြို့ပေါ်ရှိ ဆေးရုံများကိုလည်း ဝင်ရောက်စီးနင်းပြီး လူနာများနှင့် လူနာစောင့်များကို PDF များနှင့် အဆက်သွယ်ရှိသည်ဟုဆိုကာ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ စလင်းမြို့နယ်ရှိ ကူတိုကျေးရွာ၊လက်ပံကန်ကျေးရွာနှင့် တောစိမ့်ကျေးရွာဘက်များတွင်လည်း စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီး စစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။
အလားတူ ၂၀၂၅ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့ စလင်းမြို့ပေါ် ကျောင်းကြားရပ်ကွက်တွင် အိမ်ငှားနေသည့် လူငယ် ၂ ဦးက စလင်းဈေးတွင် ဈေးဝယ်ထွက်လာစဉ် လမ်းပေါ်တွင်ပင် စစ်သားများက ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ နိုဝင်ဘာလ ၈ ရက်နေ့ ကလည်း စလင်းမြို့ မြို့မစျေးအနောက်ပိုင်းတွင် မုန့်ပို့လာသည့် ကားတွင် လိုက်ပါလာသော လူငယ် ၁ ဦးကိုလည်း စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရသည်။




