22.3 C
Yangon

ညောင်ဦးမြို့နယ်အတွင်း စစ်တပ်က ကျေးရွာများကို ဆက်တိုက်မီးရှို့နေ၍ နေအိမ် ရာနှင့်ချီ မီးလောင်ပြာကျ၊ ပေါက်မြို့နယ်တွင်လည်း စစ်တပ်က စစ်ကြောင်းထိုးနေ၍ ရွာပေါင်း ၂၆ ခုမှ ပြည်သူများ ထွက်ပြေးနေရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၇

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ နပ္ပလ္လင်ရွာနှင့် လက်ဝဲရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ရာနှင့်ချီ မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့တွင် နပ္ပလ္လင်ကျေးရွာအနီး၌ PDF တပ်ဖွဲ့များ စစ်ဆေးရေးပြုလုပ်နေစဉ် အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦး လိုက်ပါလာသော ကားနှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဇန်နဝါရီလ ၁၆ ရက်နေ့တွင် နပ္ပလ္လင်ရွာနှင့် လက်ဝဲရွာတို့ကို ဝင်ရောက် စီးနင်းပြီး နေအိမ် ရာနှင့်ချီ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်ထိ ကျေးရွာများအတွင်းရှိနေသောကြောင့် ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး ပြည်သူများ ဖမ်းဆီး ခံရမှု ရှိ၊မရှိကိုလည်း အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“ညောင်ဦး-ကျောက်ပန်းတောင်း လမ်းပိုင်းက နပ္ပလ္လင် ကျေးရွာနဲ့ လက်ဝဲရွာကို စစ်ခွေးတွေ ဝင်ရောက်စီးနင်းမီးရှို့နေပါတယ်။ ၁၅ ရက်နေ့က နပ္ပလ္လင်ကျေးရွာအနီးမှာ PDF တပ်တွေ လမ်းပိုင်းစစ်ဆေးရေးလုပ်နေတုန်း မန္တလေးကလာတဲ့ ညောင်ဦးခရိုင် လျှပ်စစ်မန်နေဂျာ ဗိုလ်ကြီး ပါတဲ့ကားနဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်တယ်လို့ သိရတယ်။ အဲတာကို စစ်ခွေးတွေက မကျေနပ်လို့ ဒီနေ့မှာ ရွာကို ဝင်ရောက်စီးနင်းပြီး မီးရှို့နေတာလို့သိရတယ်။ စစ်ခွေးတွေ မီးရှို့လို့ နေအိမ် ရာနဲ့ချီ ပြာကျသွားပြီလို့ သိထားရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း စစ်တပ် စစ်ကြောင်းထိုးနေ၍ ရွာပေါင်း ၂၆ ခုမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း ပေါက်မြို့နယ် လူသားစာနာဌာန ထုတ်ပြန်ချက် နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပေါက်မြို့နယ် တောင်ပိုင်းရှိ တပ်ကုန်းပျူစောထီးရွာကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းဝင်ရောက်လာသောကြောင့် ရွာပေါင်း ၂၆ ခုမှ ပြည်သူ ၁ သောင်းကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ထို့ပြင် ပေါက်မြို့နယ် ကပစ-၂၄ လက်နက်စက်ရုံမှလည်း လက်နက်ကြီးများဖြင့် နေ့စဥ် ရမ်းသမ်း ပစ်ခတ်နေခြင်းကြောင့် ပြည်သူများ ထိခိုက်မှုရှိကြောင်း သိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ဇင်ရွေးဂုံရွာ ၊ တဲတောယာတောင်ရွာ ၊ တဲတော်ယာ မြောက်ရွာ ၊ ပြစ်ထဲရွာ ၊ ကိုင်းလယ်ရွာ ၊ ချောင်းနားရွာ ၊ စမ်းရေခုံရွာ ၊ ဖားအရွာ ၊ ကမ္ဘားနီရွာ ၊ ချက်ကန်ရွာနှင့် ထန်းတောလယ်ရွာများအပါအဝင် အနီးအနားရှိ ကျေးရွာများမှ ပြည်သူ ၁ သောင်းကျော်သည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်ခွေးစစ်ကြောင်းက တပ်ကုန်းပျူစောထီးရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာလို့ ပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတာပါ။ ပြည်သူတွေ ဖမ်းဆီးခံရတဲ့ သတင်းတော့ မကြားမိသေးဘူး။ လက်ရှိချိန်ထိတော့ အကုန်လုံး တိမ်းရှောင်နေရကြတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ တစ်ရွာတစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article