စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ကန်ရင်းရွာ မူကြိုကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ် ၁ ဦး နှင့် ပြည်သူ ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားသည်ဟု ကနဦးသိရကြောင်း Northwest Plains Revolutionary Forces-NPRF မှ တာဝန်ရှိသူတစ်ဦးနှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် အရာတော်မြို့နယ် ၊ ကန်ရင်းကျေးရွာ မူကြိုကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ကလေးငယ် ၁ ဦးနှင့် ပြည်သူ ၁ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကာ ကား ၁ စီးလည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
“ကနဦးသိရတာတော့ ၂ ဦး သေတယ်။ ၃ ယောက် ဒဏ်ရာရတယ်။ သေဆုံးတဲ့ ၂ ဦးထဲမှာ ကလေးငယ် ၁ ဦးနဲ့ အမျိုးသား ၁ ဦးတို့ဖြစ်ပါတယ်။ ကန်ရင်းကျေးရွာကပဲ သေဆုံးသူ ၂ ဦးလုံးက စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်သွားတာ အသက်အရွယ်ကတော့ မသိရသေးဘူး။ ကျွန်တော်တို့ ဆက်လက်စုံစမ်းဆဲနေပါတယ်” ဟု Northwest Plains Revolutionary Forces-NPRF မှ တာဝန်ရှိသူကပြောဆိုသည်။
အကြမ်းဖက် စစ်တပ်၏ လေယာဉ်များသည် လက်ရှိချိန်ထိ ကန်ရင်းရွာအနီး ပျံဝဲနေသောကြောင့် နယ်မြေရှင်းလင်းရေး ဝင်ရောက် လုပ်ဆောင်နိုင်ခြင်းမရှိသေးဘဲ ထိခိုက်သေဆုံးမှု အရေအတွက် ထပ်တိုးနိုင်ကြောင်း၊ အကြမ်းဖက် စစ်တပ်က မူကြိုကျောင်းကို ပစ်ခတ်မှတ်ထား၍ ဗုံးကျဲ တိုက်ခိုင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။







