ရန်ကုန်၊ ဇန်နဝါရီ ၁၇
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ ကံတလူတိုးဂိတ်ကို အကြမ်းဖက် စစ်တပ်အရာရှိများ လာရောက်စစ်ဆေးနေစဉ် လုံခြုံရေးကင်းယူပေးထားသော စစ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့ ကံတလူတိုးဂိတ်ကို တပ်မ ၃၃ မှ အရာရှိ များလိုက်ပါသော အိမ်စီးကား ၇ စီးဖြင့် စစ်ဆေးရန် လာရောက်စဉ် လုံခြုံရေး ကင်းယူပေးထားသော စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည် အရေအတွက်လည်း အတည်ပြုနိုင်ခြင်းမရှိသေးဘဲ စစ်တပ် ကင်းပုန်းကလည်း လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ မိုင်းဆွဲ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ကံတလူတိုးဂိတ်ကို လာရောက် စစ်ဆေးသည့် အရာရှိများ လိုက်ပါလာသော ကား ၂ စီးသည် စစ်ကိုင်းမြို့ဘက်သို့ ပြန်လည်မောင်းနှင်သွားကြောင်း၊ ထို့နောက် တပ်မ ၃၃ မှ ၁၂ ဘီးကား ၁ စီးဖြင့် တိုးဂိတ်ကို အင်အား ထပ်မံဖြည့်တင်းရန် ရောက်ရှိလာသောကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးသေစာရင်းတော့ စုံစမ်းဆဲပဲ ထိခိုက်သေဆုံးကတော့ ရှိနိုင်ပါတယ်။ အဝေးထိန်းမိုင်း နဲ့ ခွဲတာဆိုတော့ မျက်မြင်မမြင်ရဖြစ်နေလို့ ထိခိုက် သေဆုံး ခန့်မှန်းခြေ မသိရဖြစ်နေတာ ကျနော်တို့လဲ စုံစမ်းနေဆဲပါ။ စစ်ခွေးဘက် ထိခိုက်သေဆုံးမူရှိနိုင်တယ်။ စစ်ခွေး အင်အားက ခန့်မှန်း ၃၀ လောက်၊ ဒီနေ့ နံနက် ၁၀ နာရီ ကျော်ကျော်လေးက တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးဘက် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာမျိုးမရှိပါဘူး။ ၂လုံးတွဲ မိုင်းပွိုင့်ကြီး တပွိုင့် ကောင်းကောင်းနဲ့ ဆွဲခဲ့တာပါ “ဟု လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။
ဇန်နဝါရီလ ၁၅ ရက်နေ့ ညပိုင်း စစ်ကိုင်းမြို့အထွက် မုံရွာ-မန္တလေးကားလမ်းပေါ်ရှိ စစ် တပ် တပ်စွဲထားသော ကံတလူတိုးဂိတ်ကို PDF ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားများ အထိခိုက်အကျအဆုံးများစွာဖြင့် စစ်ကိုင်းမြို့ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားကြပြီး စစ်သားများ တပ်စွဲထားသည့် အဆောက်အဦးများကို မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း စစ်သား ၃ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ခိုက် ခံရသည့် ကန့်တလူတိုးဂိတ်သို့ စစ်ကိုင်းမြို့တွင်းမှ အိမ်စီးကား ၂၂ စီးဖြင့် စစ်ကူများရောက်ရှိလာ သည့်အပြင် စစ်ကိုင်းတက္ကသိုလ်ဝန်းအတွင်းမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ဗြဲတရော် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။




