ရန်ကုန်၊ ဇန်နဝါရီ ၁၇
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်း၊ မိုင်းများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး အသက် ၁၅ နှစ် နှင့် ၁၈ နှစ်အရွယ် အမျိုးသမီးငယ် ၂ ဦး အပါအဝင် ပြည်သူ ၈ ဦးကို ဖမ်းဆီးသွားကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။
ဇန်နဝါရီလ ၁၃ ရက်နေ့တွင် မုန်းမြို့နယ်အတွင်းရှိ နတ်လောင်းကျေးရွာကို အကြမ်းဖက် စစ်တပ်၏ ခမရ ၄၃၉ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၄၀ အရွယ် ကိုမိုးဝင်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ဇီးဖြူခင်ကျေးရွာအတွင်းကိုလည်း ဒရုန်းဖြင့် ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ခြင်းကြောင့် အသက် ၂၅ နှစ်အရွယ် မောင်ကုလားကြီး ထိမှန်သေဆုံးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သနှီးခေါင်းကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး အသက် ၆၅ နှစ်အရွယ် ဦးအောင်မြင့်၊ အသက် ၆၅ နှစ်အရွယ် ဒေါ်အေးညွှန့်၊ အသက် ၅၅ နှစ်အရွယ် ဦးမြင့်စိုး၊ အသက် ၅၅ နှစ်အရွယ် ဦးငြိမ်းငြိမ်း၊ အသက် ၄၀ နှစ်အရွယ် ကိုမိုးကျော်၊ အသက် ၂၈ နှစ်အရွယ် မထက်ထက်ဦး၊ အသက် ၁၈ နှစ်အရွယ် မပြည့်ပြည့်သူ နှင့် အသက် ၁၅ နှစ်အရွယ် မပြည့်ဇင်မိုး တို့ကို ပဲနွယ်ကုန်းရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။
အလားတူ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ဘုရားကုန်းကျေးရွာအတွင်း၌ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ထောင်ထားခဲ့သော မြေမြှုပ်မိုင်း နင်းမိပြီး အသက် ၇၃ နှစ်အရွယ် ဦးသောင်းမြင့်၊ အသက် ၇၀ အရွယ် ဒေါ်သန်းအေးနှင့် အသက် ၁၆ နှစ်အရွယ် နေဆန်းလင်းတို့ ၃ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်သည် မုန်းမြို့နယ်၊ စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ ကျေးရွာများရှိ ပြည်သူလူထုများ လုပ်ကိုင်စားသောက်ရာ လုပ်ငန်းခွင်များ အတွင်းနှင့် နေထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ နေ့စဉ်လိုလို ပစ်ခက်လျှက်ရှိပြီး ပြည်သူများ စိုးရိမ်ကြောက်ရွံ့မှုများစွာဖြင့် လုပ်ကိုင်စားသောက် သွားလာ နေထိုင်နေကြရကြောင်း KNU ဗဟို ပြောဆိုထားသည်။





