ကြံ့ဖွတ်ပါတီက စစ်တပ်ကိုယ်စားလှယ်များနှင့်ပူးပေါင်း၍ အစိုးရဖွဲ့နိုင်သော လွှတ်တော်အမတ်အရေအတွက် အနိုင်ရရှိထားပြီဟု ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီက ပါတီတွင်း အစည်း အဝေးများတွင် တရားဝင် ထုတ်ဖော်ပြောဆို ကြွေးကြော်နေကြောင်း ကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်က ပြောဆိုသည်။
ဒီဇင်ဘာလ ၂၈ ရက်နေ့ ပြုလုပ်ခဲ့သော ရွေးကောက်ပွဲအပိုင်း ၁ နှင့် ဇန်နဝါရီလ ၁၁ ရက်နေ့ ပြုလုပ်ခဲ့သော ရွေးကောက်ပွဲ အပိုင်း ၂ တို့တွင် ကြံ့ဖွတ်ပါတီက ပြည်သူ့လွှတ်တော်အမတ်နှင့် အမျိုးသားလွှတ်တော်အမတ်နေရာ ၂၀၀ ကျော်ရရှိထားပြီဖြစ်သောကြောင့် ရွေး ကောက် ပွဲ အပိုင်း ၃ တွင် တစ်နေရာမှ အနိုင်မရရှိလျှင်တောင် စစ်တပ်ကိုယ်စားလှယ်များနှင့်ပူးပေါင်း၍ အစိုးရဖွဲ့နိုင်ပြီဟု ခင်ရီက ထုတ်ဖော်ပြောဆိုကြောင်း သိရှိရသည်။
“ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ ရွေးကောက်ပွဲ အပိုင်း ၂ မှာ စုစုပေါင်း ပြည်သူ့လွှတ်တော် အမတ်နေရာ ၁၈၂ နေရာ ရရှိထားတယ်။ အမျိုးသားလွှတ်တော်နေရာအများစုကလည်း ပြည်ခိုင်ဖြိုးကပဲ နိုင်ထားတယ်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က ပြည် သူ့လွှတ်တော်မှာ ၁၁၀ နေရာရှိတယ်။ အမျိုးသားလွှတ်တော်မှာ ၅၆ ဦးရှိပါတယ်။ ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက် ပွဲ အပိုင်း ၃ မလုပ်ရင်တောင် အစိုးရဖွဲ့လို့ရနေပြီလို့ ပါတီတွင်း အစည်းအဝေးမှာ ပြောဆိုတယ်” ဟု ကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်က ပြောဆိုသည်။
ရွေးကောက်ပွဲ အပိုင်း ၃ ကို ဇန်နဝါရီ ၂၅ ရက်တွင် ပြုလုပ်ရန်စီစဉ်ထားပြီး မြို့နယ် ၆၃ ခုတွင် ရွေးကောက်ပွဲများ ပြုလုပ်မည်ဖြစ်သည်။ စစ်တပ်က လုံခြုံရေးကြောင့် ရွေးကောက်ပွဲ မလုပ်နိုင်သော မြို့နယ်ပေါင်း ၆၅ မြို့နယ်ရှိသည်။
စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ အကြမ်းဖက် ဇော်မင်းထွန်းက လာမည့် မတ်လတွင် လွှတ် တော်ခေါ်ယူမည် ဖြစ်ပြီး ဧပြီလတွင် အစိုးရသစ် စတင် တာဝန်ယူမည်ဖြစ်ကြောင်း မီဒီယာများသို့ ထုတ်ဖော်ပြောဆိုထားသည်။
စစ်ပွဲများနှင့် ပဋိပက္ခများကြောင့် စစ်တပ်က ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းခွဲ၍ ကျင်းပနေရခြင်း ဖြစ်ပြီး စုစုပေါင်း မြို့နယ် ၃၃၀ အနက် ရွေးကောက်ပွဲ အပိုင်း ၁ နှင့် အပိုင်း ၂ မြို့နယ် ၂၀၂ မြို့နယ်၌ မဲပေးမှု ပြုလုပ်ခဲ့ပြီးဖြစ်သည်။
စစ်တပ် ပြုလုပ်သော ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၅၇ ပါတီမှ ကိုယ်စားလှယ်လောင်း ၅၀၀၀ နီးပါး ယှဉ်ပြိုင်နေသော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယှဉ်ပြိုင်သည့် ပါတီမှာ ၆ ခုသာ ရှိသည်။
လတ်တလော စစ်တပ်က “ရွေးကောက်ပွဲ ကာကွယ်ရေးဥပဒေ”ဖြင့် ပြည်သူ ၃၃၀ ကျော်ကို ရွေးကောက်ပွဲကို ဝေဖန်သည်ဟုဆိုကာ ဖမ်းဆီးအရေးယူထားသည်။




