ကရင်နီပြည်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်တစ်ခုမှ စစ်သုံ့ပန်းအကျဉ်းသား ၈၀ ခန့်ထောင်ဖောက် ထွက်ပြေးသွားပြီးလက်နက် ၉ လက်လည်းပါသွားကြောင်း IEC အထွေထွေအတွင်းရေးမှူး -၂ ဗညား ခွန်အောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၁ နာရီခန့်အချိန် မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်တစ်ခုတွင် စစ်သုံ့ ပန်း အကျဉ်းသား ၈ဝ ဝန်းကျင်ခန့် ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး လက်နက်ငယ် ၉ လက်ကို လည်း ယူဆောင်သွားကြောင်း၊ အကျဉ်းထောင်ဝန်ထမ်းများကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးသွားခြင်း စသည်ဖြင့် လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် သတင်းများမှာ မှန်ကန်မှုမရှိပါကြောင်း သိရသည်။
“ထောင်ကို ဖောက်ထွင်းပြီးတော့ ထွက်ပြေးသွားတာပါ။ တော်လှန်ရေးကာလမှာတော့ ကျနော်တို့ အ ရမ်းကာရောလုပ်လို့မရဘူးပေါ့။ အဲဒါကြောင့်မို့လို့ ထောင်ဝန်ထမ်းတွေရဲ့ပေါ့ဆ မှုလို့ ပြောလို့မရ သေး ဘူး။ လက်ရှိအချိန်ထိကတော့ စုံစမ်းစစ်ဆေးနေတာတွေတော့ လုပ်နေတယ်။ ဒါကတော့ ယန္တရား တစ်ခုအနေနဲ့ပေါ့” ဟု IEC အထွေထွေအတွင်းရေးမှူး -၂ ဗညား ခွန်အောင်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ထိုသို့ အကျဉ်းထောင်ဖောက်ပြေးမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့များ နှင့်ပူး ပေါင်း ကာ အခြေအနေများကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေကြောင်း အသိပေးထားသည်။
“ထောင်ထဲမှာရှိတဲ့ လက်ရှိအခြေအနေကလည်း ၊ အကျဉ်းထောင်ဆိုတာမျိုးက နိုင်ငံ တကာက အား လုံး သိသလို တကယ့်အုတ်တွေနဲ့သံတိုင်တွေနဲ့လုပ်တာမဟုတ်တော့လေ။ ကျနော်တို့က တော်လှန် ရေး ကာလလည်းဖြစ်တယ်ဆိုတော့ ဒီစစ်သုံ့ပန်းတွေကိုလည်း အတတ်နိုင် ဆုံး ထိန်းသိမ်းပြီးထားရ တာ၊ အဲဒါကြောင့် အဆောက်အအုံအကြီးကြီးတွေမဟုတ်ဘူး။ လေယာဉ် ဒဏ်ဗုံးဒဏ်လည်း စိုးရိမ်ရ တာရှိတာပေါ့၊ ဒါလည်း အခြားနေရာမှာ အတွေ့အကြုံရှိခဲ့ပြီးသား ဖြစ်တယ်။ အဲဒါပေါ်မူတည် ပြီး တော့ အားလုံးလည်းလုံခြုံအောင် စီမံထားရတာ၊ အဆောက်အအုံကြီးတွေတွေ မဟုတ်တဲ့ အဆောက် အအုံတွေနဲ့စီမံခန့်ခွဲရတာမို့ အဆောက်အအုံနဲ့ဆိုင်ရာ အားနည်းချက်တွေ ရှိတယ်။ နောက်အခြား တဖက်မှာလည်း ဝန်ထမ်းမလုံလောက်မှုရယ်၊ ဖမ်းဆီးတဲ့သုံ့ပန်းတွေ အရမ်းများတဲ့ အတွက်ကြောင့် အခက်အခဲတွေအများကြီးရှိတယ်။ အဲဒီဟာတွေကို ကြည့်ရတဲ့အခါမှာ နှစ်ရှည်လများဖြစ်တော့ အား နည်း ချက်အသေးလေးတွေနဲ့ပေါင်းလိုက်ရင် နောက်ပြီးတော့ စစ်သုံ့ပန်း တွေကို ကိုယ်၌ကလည်း အမြဲတမ်းပြေးဖို့ပဲစဉ်းစားနေတာဟာက ပေါ်လွင်တာပေါ့။ အခုဖြစ်သွားတဲ့ ပုံစံကြည့်ရင် စနစ်တကျ စီမံထားတယ်။အတွင်းစည်းအပြင်စည်းပေါက်နေတယ်လို့ ခန့်မှန်းထားတာပေါ့”ဟု IEC အထွေထွေ အတွင်းရေးမှူး -၂ ဗညား ခွန်အောင်ကရှင်းပြသည်။
ယင်းအွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသော သတင်းများကြောင့် ပြည်သူများအနေဖြင့် စိုးရိမ်ထိတ် လန့်မှု မရှိကြ ရန်နှင့် အများပြည်သူလုံခြုံရေးအတွက် သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့များ၊ ကရင်နီပြည် ရဲဌာနခွဲ၊ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တို့မှ အချိန်နှင့် တပြေးညီ သတင်းအချက်အလက် ပေးပို့မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး လုံခြုံရေးအစီအစဉ်များကိုလည်း ချမှတ်ဆောင်ရွက်နေပြီ ဖြစ် ကြောင်း အသိပေးထုတ်ပြန်ထားသည်။
ဓာတ်ပုံ- ကရင်နီပြည်တွင် ဖမ်းဆီးရရှိခဲ့သည့် စစ်သုံ့ပန်းတချို့။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




