နေပြည်တော်ရှိ ကင်းသာ ၂ ကုန်ထုတ်စခန်း (ရဲဘက်စခန်း) တွင် အကျဉ်းဦးစီးဌာနက အကျဉ်းသားများထံမှ ငွေကြေးများ အဓမ္မတောင်းခံခြင်းများအပြင် လုပ်ငန်းခွင်အတွင်း လောင်းကစားမှုများကိုပါ ငွေကြေးရယူခွင့်ပြုနေကြောင်း အကျဉ်းဦးစီးဌာန သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ကင်းသာ အမှတ် ၂ ရဲဘက်စခန်းမှ အကျဉ်းဦးစီးဌာန၊ တစ်ပွင့် ခွဲမှူး ထင်လင်းဦးက တပည့်ဖြစ်သူ အကျဉ်းသား တိုးခန့်လင်းကို အသုံးချကာ အကျဉ်းသားတစ်ဦးလျှင် ငွေကျပ် ၆ သိန်းစီ လစဉ် တောင်းခံခိုင်းပြီး ငွေပေးနိုင်သည့် အကျဉ်းသားများကို အလုပ်သက်သာသည့် လုံခြုံရေးကင်းတာဝန်ကဲ့သို့သော နေရာများတွင် ထားရှိကာ ငွေမပေးနိုင်သူများကိုမူ ပင်ပန်းပြင်းထန်သည့် အလုပ်ကြမ်းများကို ခိုင်းစေနေကြောင်း သိရှိရသည်။
ငွေပေးဆောင်ထားရသည့် အကျဉ်းသားများစာရင်းတွင် လင်းအောင်၊ ရှိုင်းထက်၊ ကျော်စိုးလွင်၊ ဇော်မင်းဦး၊ ခင်ဇော်ဌေး၊ အေးထွန်း၊ နေသော်တာ နှင့် မုတ်ဆိတ် တို့ပါဝင်ပြီး ၎င်းတို့မှာ တစ်ဦးလျှင် ၆ သိန်းစီအပြင် နောက်ဆက်တွဲ “ကျွဲစာဖိုး” ဟု အမည်တပ်ထားသည့် ငွေကြေးများကိုပါ ထပ်မံပေးဆောင်နေရကြောင်း ကိုယ်တွေ့ကြုံခဲ့ရသူတစ်ဦးက ပြောဆိုသည်။
“အကျဉ်းသားအချင်းချင်းတူတူတန်းတူအခွင့်အရေးမရပါဘူး။ ငွေပေးရင် ရန်မလိုပါဘူး။ ငွေမပေးနိုင်တဲ့အကျဉ်းသားကတော့ ယမ်းကုန်မီးကုန်အလုပ်လုပ်ရတယ်”ဟုကိုယ်တွေ့ကြုံခဲ့ရသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောပြသည်။
အကျဉ်းဦးစီးဌာနမှ တစ်ပွင့်ခွဲမှူး ထင်လင်းဦးက အကျဉ်းသားများဖြစ်ကြသော တိုးခန့်လင်း၊ အာနိုး၊ ကြက် တို့နှင့်ပူးပေါင်းကာ လုပ်ငန်းခွင်အတွင်း “ကျွဲဂိမ်း” ဟုခေါ်သည့် လောင်း ကစားကို ဗြောင်ကျကျ ပြုလုပ်နေကြောင်း၊ လောင်းကစားပြုလုပ်ရာတွင် KBZ Pay အကောင့်များကို အသုံးပြုကာ ငွေလွှဲပြောင်းကြပြီး စခန်းအတွင်း အရက်နှင့် ဘီယာများကိုလည်း ရောင်းချလျက်ရှိကြောင်း ၊ အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ ထောင် ပိုင်ကြီးသို့ တိုင်ကြားသော်လည်း အရေးယူခံရမှု မရှိကြောင်း သိရှိရသည်။
“ထောင်ပိုင်ကြီး လာစစ်တဲ့အချိန်ဆိုရင် ခဏနားပြီး သတင်းပို့ရတယ်။ ထောင်ပိုင်ကြီး ပြန် သွားတာနဲ့ ကျွဲဂိမ်းက ပြန်စတာပဲ။ ထောင်ပိုင်ကြီးကို တိုင်တန်းမှုတွေ လုပ်ခဲ့ကြပေမယ့် အခုထိ တစ်ပွင့် ထင်လင်းဦးကို ဘာအရေးယူမှုမှ လုပ်တာမတွေ့ရဘူး” ဟု ကိုယ်တွေ့ကြုံခဲ့ရသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ယင်းအပြင် အကျဉ်းသားများအနေဖြင့် ကင်းသာ ၂ ရဲဘက်အကျဉ်းစခန်းအတွင်းတွင် လွတ်လပ်စွာ နေထိုင်ခွင့် ရှိသည့် ကြက်ခြံတွင် နေမည်ဆိုလျှင် တစ်ဦးလျှင် ငွေကျပ် ၂၅ သိန်း၊ ငါးကန်တွင်နေမည် ဆိုလျှင် တစ်ဦးလျှင် ငွေကျပ် သိန်း ၃၀ ၊ ဝက်ခြံတွင် နေမည်ဆိုလျှင် တစ်ဦးလျှင် ငွေကျပ် သိန်း ၂၀ ၊မီးဖိုကြီးတွင် နေမည်ဆိုလျှင် ငွေ ကျပ် ၁၅ သိန်း၊ငါးခြံတွင် နေဆိုမည်လျှင် ကျပ်သိန်း ၂၀ ငွေကြေးပေးမှသာ နေထိုင်ခွင့်ရကြောင်း သိရှိရသည်




