33 C
Yangon

စစ်တပ်က ဒေါ်လာစျေး မတက်ရေး ဒေါ်လာ စုဆောင်းသိုလှောင်သူများ၊ USDT အွန်လိုင်းအရောင်းအဝယ်နှင့် စျေးကစားသူများကို စီမံချက်ဖြင့် လိုက်လံဖမ်းဆီးနေပြီး စီးပွားရေးလုပ်ငန်းရှင်တချို့ပါ စစ်မေးခံရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၈

အကြမ်းဖက် စစ်တပ်က ဒေါ်လာစျေး မတက်ရေး ဒေါ်လာ စုဆောင်းသိုလှောင်သူများ၊ USDT အွန်လိုင်းအရောင်းအဝယ်နှင့် စျေးကစားသူများကို စီမံချက်ဖြင့် လိုက်လံဖမ်းဆီးနေပြီး သွင်းကုန်နှင့်ပို့ကုန်လုပ်ငန်းရှင်တချို့ပါ စစ်မေးခံရကြောင်း UMFCCI မှ စီးပွားရေးသမားတချို့ထံမှ သိရှိရသည်။

ယခု ဇန်နဝါရီလ တတိယသီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာစျေးမှာ တစ်ဒေါ်လာလျှင် ၄၂၅၀ ဝန်းကျင်အထိ အပြောင်း အလဲများ ဖြစ်ပေါ်လာခဲ့ပြီး ဒေါ်လာတန်ဖိုးမြင့်တက် လာကြောင်း၊ မူလက ဒေါ်လာစျေးမှာ တစ်ဒေါ်လာလျှင် ကျပ် ၄၀၀၀ အောက်တွင်သာ တည်ငြိမ်နေရာမှ တစ်ဒေါ်လာ ၄၂၅၀ ကျပ်အထိ ရုတ်တရက် မြင့်တက်လာကြောင်း၊ ယင်းသို့ မြင့်တက်လာချိန်တွင် စစ်တပ်က ဒေါ်လာစျေးမတက်ရေးအတွက် ဖမ်းဆီး စစ်ဆေးမှုများ လုပ်ဆောင်လာကြောင်း သိရှိရသည်။

“ပဲသမားတွေ၊ ငွေလဲ Exchange လိုင်စင်တင်ပြီး အဝေးရိုက်တဲ့သူတွေ၊ ဟွန်ဒီအဝေးသမားတွေ၊ ဝယ်/ကောက်သမားတွေကို စသုံးလုံးနဲ့ ပူးပေါင်းအဖွဲ့တွေက လိုက်တယ်။ နောက်ပြီး အွန်လိုင်းပေါ်ကနေ USDT အရောင်းအဝယ်လုပ်တာတွေလည်း စသုံးလုံးနဲ့ ဗဟိုဘဏ်ဘက်က တော်တော်ကို လိုက်တယ်။ အခု သိရသလောက်တော့ စသုံးလုံးက ဒေါ်လာစျေးတက်အောင် လုပ်တယ်ဆိုပြီး ပဲသမားတွေနဲ့ မသင်္ကာတဲ့ ဟွန်ဒီသမားတွေကို ဆွဲစိထားတယ်။ ၃၀ ကျော်လောက်ရှိမယ်။ လက်ကြီးတွေချည်းပဲ” ဟု UMFCCI မှ စီးပွားရေးသမားတစ်ဦးက ရှင်းပြသည်။

စစ်တပ်လက်အောက်ခံ ဗဟိုဘဏ်က လူမှုကွန်ယက်စာမျက်နှာများတွင် USDT အရောင်းအဝယ်ပြုလုပ်ရန် ဖော်ပြထားသည့် ကြော်ငြာများရှိ ဖုန်းနံပါတ်များ၊ ငွေစာရင်းအမှတ်များဖြင့် နိုင်ငံခြားငွေ အရောင်းအဝယ် ပြုလုပ်ခဲ့ သည့် လူပုဂ္ဂိုလ် ၂၃၄ ဦးကို ဆုံးရှုံးနိုင်ခြေအန္တရာယ်မြင့်မားသော လူပုဂ္ဂိုလ်များအဖြစ် သတ်မှတ်၍ ၎င်းတို့၏ ဘဏ်အသီးသီးရှိ ငွေစာရင်းများ၊ ဘဏ်စာရင်းစုစုပေါင်း ၆၈၇ ခုနှင့် မိုဘိုင်း ငွေရေးကြေးရေးစာရင်း ၂၈၇ ခု တို့ကို ငွေစာရင်း ယာယီတားဆီးထားကြောင်း၊ ပြစ်မှု ကျုးလွန်ကြောင်း ထင်ရှားသည့် လူပုဂ္ဂိုလ် ၅ ဦးဖြစ်သော ကျော်ကျော်ဦး ၊ ကောင်းထက်စံ၊ လှလှ ၊ ခင်လွင်လွင်သိမ့် ၊သာထက်ဇံ တို့ကို အရေးယူထားကြောင်း ထုတ်ပြန်သည်။

“ပဲသမားတွေနဲ့ ဆက်စပ်တဲ့ ဘဏ်အကောင့်တွေပါ အပိတ်ခံရတယ်။ နောက်ပြီး ဟွန်ဒီရိုက်တဲ့ဘဏ်အကောင့်တွေလည်း အပိတ်ခံရတယ်။ ငွေကြေးခဝါချမှုနဲ့ K Payရော ဘဏ်စာရင်းရော အပိတ်ခံရတာတွေလည်းရှိတယ်။ အသင်းကို ဒါတွေကို ကူညီဖြေရှင်းပေးဖို့ စာတင်လာတာတွေလည်းရှိတယ်” ဟု UMFCCI စီးပွားရေးသမားက ရှင်းပြသည်။

ယင်းအပြင် စစ်တပ်က လူမှုကွန်ယက် စာမျက်နှာ ၁၂၀၁ ခုကို စိစစ်အရေးယူဆောင်ရွက်လျက်ရှိပြီး လူပုဂ္ဂိုလ် ၁၃၄၂ ဦး၏ ငွေစာရင်းအကောင့်များအား ယာယီတားဆီးခဲ့ကြောင်း၊ ယင်းအပြင် လူမှုကွန်ယက်စာမျက်နှာများတွင် ပါဝင်ပတ်သက်ရောင်းဝယ်နေသူများအား အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

စစ်တပ်က လူမှုကွန်ရက်စာမျက်နှာများဖြစ်သည့် ငွေဈေးနှုန်းနှင့်ငွေလွှဲဆိုင်၊ Moe Latt၊ Si Thu & bro များ၊ ရန်ကုန်ငွေဈေး၊ ဒေါ်လာဝယ်ရောင်းတိုက်ရိုက် USD Exchange၊ ဒေါ်လာရောင်းဝယ်၊ December Snow၊ June Lin Htet Naing၊ Htet Yan Money Exchange၊ Global Value Services-GVS Money Exchange and Transfer၊ Boss Online Money Exchange Services (Family Money Exchange)၊Lucky Sky Gold Smith (Facebook Page)၊ Nay Myo Htet (Facebook Page)၊ Gold Market Myanmar (Facebook Page)၊ Ye Mon၊ Naing Lu တို့နှင့်ပတ်သက်သူများကိုလည်း အရေးယူထားကြောင်း စစ်တပ်က ထုတ်ပြန်သည်။

အကြမ်းဖက်စစ်တပ်က ပြည်တွင်း သွင်းကုန်များဖြစ်သည့် စက်သုံးဆီ၊ စားသုံးဆီ၊ ဆက်သွယ်ရေး၊ လျှပ်စစ်ကဏ္ဍများအတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တွင် အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ကျော်နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် (၁၅-၁-၂၀၂၆ ရက်နေ့ အထိ)တွင် အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော် ရောင်းချပေးခဲ့ကြောင်း၊ ဒေါ်လာစျေးကစားသူများနှင့် စုဆောင်းသိုလှောင်သူများကို အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- AFP ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article