စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့ကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ဒီပဲယင်းမြို့နယ် စိုင်ပြင်မြို့ကို အကြမ်းဖက်စစ်တပ်၏ မိတ္ထီလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း အမျိုးသား ၁ ဦးသေဆုံးခဲ့ပြီး ၁ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ပြည်သူနေအိမ်တချို့နှင့် ဆိုင်ကယ်တချို့ မီးလောင်ပျက်စီးသွားကြောင်း သိရှိရသည်။
“စစ်ခွေးတွေရဲ့ မိတ္ထီလာတက် ဂျက်ဖိုက်တာ ၁ စီးနဲ့ ဒီပဲယင်းမြို့နယ် စိုင်ပြင်မြို့ကို တိုက်ပွဲဖြစ်တာလည်း မရှိဘူး၊ စစ်ရေးလှုပ်ရှားမှုလည်း မရှိဘဲ လေကြောင်းတိုက်ခိုက်သွားတာပါ။ လက်ရှိတော့ ပြည်သူအမျိုးသား ၁ ယောက် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ပဲ သိရသေးတယ်။ မည်သူမည်ဝါ ဖြစ်တယ်ဆိုတာ စစ်ဆေးနေဆဲပါ။ သတင်းရရင် ထပ်မံထုတ်ပြန်ပါ့မယ်။ လေကြောင်းကတော့ ဆက်တိုက်တက်လာနေတယ်” ဟု ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
ဒီပဲယင်းမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လေကြောင်းသတိ အမြဲရှိရန်နှင့် လေကြောင်းသတင်းကြားရပါက ဘေးလွတ်ရာနေရာများတွင် အထူးဂရုစိုက်နေထိုင်ကြရန် ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းနှိုးဆော်ထားသည်။
အလားတူ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် အနောက်မြောက်ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် မိတ္ထီလာ ရှမ်းတဲလေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးက အရာတော်မြို့နယ် အနောက်မြောက်ခြမ်းရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
“ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးနဲ့ နေအိမ်ပျက်စီးတာမျိုး ရှိ၊ မရှိကို မသိရသေးဘူး။ စစ်ခွေးတွေက တိုက်ပွဲဖြစ်တာမရှိဘဲ ဗုံးကျဲသွားတာပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။







