ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် ဇန်နဝါရီလ ၁၅ ရက်တာအတွင်း တိုက်ပွဲ ၃၆ ကြိမ် ဖြစ်ပွားပြီး အကြမ်းဖက် စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း KNU မူတြော်ခရိုင်က ထုတ်ပြန်ထားသည်။
ဇန်နဝါရီလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေတွင် KNLA ပူးပေါင်းတပ်နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲ ၃၆ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ထိုထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၇ ဦးသေဆုံးကာ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲများအတွင်း KNLA ဘက်မှလည်း ထိခိုက်မှု အနည်းငယ်ရှိကြောင်း သိရသည်။
ဖာပွန်ခရိုင်အတွင်းရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က ၁၅ ရက်တာ အတွင်း ဒရုန်းဖြင့် ၁ ကြိမ် ၊ ဂျက်ဖိုက်တာဖြင့် ၅ ကြိမ်၊ လက်နက်ကြီး ၁၂၀ မမ ၊ ၆၀ မမ တို့ဖြင့် ၄ ကြိမ် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ဖာပွန်ခရိုင်တွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တစ်နှစ်တာအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ ၅ နှင့် အာဏာသိမ်း အကြမ်းဖက်စစ်တပ် တို့အကြား တိုက်ပွဲပေါင်း ၁၁၁၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်းသိရသည်။
ထိုထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂၈၄ ဦး သေဆုံးကာ ၄၅၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ G-3 ၁ ဦး၊ တပ်ရင်းမှူး ၁ ဦး၊ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၁ ဦး၊ တပ်ကြပ်ကြီး ၁ ဦးနှင့် ဒုတပ်ကြပ် ၁ ဦးတို့ ပါဝင်ကြောင်း၊ ထို့ပြင် ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၂ ဦး၊ ဗိုလ် ၂ ဦး၊ ဒုဗိုလ် ၁ ဦး၊ ဆေးတပ်တာဝန်ခံ ၁ ဦးနှင့် ဒုတပ်ကြပ် ၁ ဦး တို့ ပါဝင်ကာ အကြမ်းဖက် စစ်တပ်၏ အဆောက်အဦး ၁၆ လုံးကိုလည်း ဖျက်ဆီး နိုင်ခဲ့ကြောင်း သိရှိရသည်။




