ရန်ကုန်၊ ဇန်နဝါရီ ၂၀
BGF မှ KNA သို့ အသွင်းပြောင်းထားသော ဗိုလ်မှူးကြီး စောချစ်သူနှင့်သားများ ထိန်းချုပ်ထားသော ရွှေကုက္ကိုလ်ရွာအတွင်း ကျားဖြန့်လုပ်ငန်းများ ပြန် လည်စတင်ပြီး တရုတ်နိုင်ငံသားများ အပါအဝင် ကျားဖြန့်အလုပ် သမားများကို ခွင့်ပြုချက်မရှိလျှင် အဝင်အထွက်လုပ်ခွင့်မပေးကြောင်း ကရင် စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က ယမန်နှစ် နိုဝင်ဘာလအတွင်း KK Park ၊ ရွှေက္ကိုလ်၊ မြ၀တီမြို့ပေါ်တွင် စစ်တပ်က ကျားဖြန့်ဆိုက်များကို ဝင်ရောက် စီးနင်းလာပြီးနောက် ကျားဖြန့် နေရာအသစ်များကို အမြန်ချက်ချင်း တည် ဆောက်ခဲ့ကြောင်း၊ ဗိုလ်မှူးကြီးစောချစ်သူနှင့်သားများကလည်း ရွှေက္ကိုလ် မြို့သစ်အတွင်းမှ တရုတ်များကို ရွှေ့ပြောင်းပေးခဲ့ကြောင်း၊ ယခုအခါ ရွှေက္ကိုလ်ရွာအတွင်းတွင် ကျားဖြန့်လုပ်ငန်းများ ပြန်လည် လည်ပတ်နေကြောင်း၊ ယင်းရွှေက္ကိုလ်ကျေးရွာအတွင်းတွင် ကျားဖြန့် တရုတ်သောင်းချီရှိပြီး လုံခြုံရေး အထူးတင်းကျပ်ထားကြောင်း သိရှိရသည်။
“အခုရွှေကုက္ကိုလ်ရွာထဲက ဗိုလ်ချစ်သူ စခန်းဘေး ကပ်လျက် ကျင်းတီဆိုက်ထဲမှာ ပြန်စနေကြတာ။ ရထိုက်မြို့သစ်(ရွှေကုက္ကိုလ်မြို့သစ်)ထဲမှာတော့ ကျားဖြန့်တွေ နည်းသွားပြီ။ ကျင်းတီဆိုက်မှာ တရုတ်တွေအများကြီးနဲ့ လုပ်ငန်းပြန်စနေတာ။ တရုတ်နိုင်ငံသားသောင်းချီတယ်။ အဲဒီမှာ KNAဘက်တံဆိပ်တွေနဲ့ တပ်စွဲပြီး လုံခြုံရေးယူထားပေးတယ်။ လုံခြုံရေးတင်းကျပ်တယ်။ အဲဒီဆိုက်ထဲကလူတွေ ဘယ်သူမှ အပြင်ထွက်မရဘူး။ စားသောက်ဆိုင်၊ဆေးခန်း၊ စတိုးဆိုင်၊ ဖာရုံတွေက အစ ကျင်းတီဆိုက်ထဲဖွင့်ထားပါတယ်” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ယင်းအပြင် KNA စောချစ်သူ၏ သားဖြစ်သူ စောထူးအယ်မှူးက ကျားဖြန့် တရုတ်များအတွက် လိုအပ်သော စက်သုံးဆီများ၊ Mytel အင်တာနက်လိုင်းနှင့်Star Link အင်တာနက်လိုင်းများကို တာဝန်ယူ ရောင်းချ တပ်ဆင်ပေးနေကြောင်း သိရှိရသည်။
“သူတို့ ခွင့်ပြုထားတဲ့နေရာမှာ လူတစ်ဦးကို အနည်းဆုံး ဘတ် ၅၀၀၀ ကောက်တယ်။ နောက်ပြီး လုပ်ငန်းတွေကလည်း လစဉ်ဘတ်သိန်းချီ ပေးရတယ်။ စက်သုံးဆီ၊ Star Link နဲ့ Mytel အင်တာနက်တွေကို စောချစ်သူ သားအကြီး စောထူးအယ်မှူးက သယ်ပေးတယ်။ ရောင်းပေးတယ်။ အင်တာနက်လိုင်းနဲ့မီးစက်တွေအတွက် ဒီဇယ်တွေကို KNA က သယ်ပြီး ကျားဖြန့်တရုတ်တွေကို ရောင်းပေးတယ်။ လျှပ်စစ်မီးက ထိုင်းက ဖြတ်ထားတော့ ဒီဇယ်မီးစက်အကြီးတွေနဲ့လည်ပတ်နေပါတယ်” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ဆက်လက်ရှင်းပြသည်။
အလားတူ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ဖလူးကျေးရွာအနီးတွင် ကျားဖြန့်များအတွက် ဖလူးမြို့သစ်ကို DKBA က တည်ဆောက်ပြီး လုပ်ငန်းများ စတင်လည်ပတ်နေပြီဖြစ်ကြောင်း၊ ယင်းအပြင် စောချစ်သူ၏ လက်ထောက် ဗိုလ်မောင်ဝင်းတပ်ဖွဲ့ကလည်း ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ကျော်ခို့ကျေးရွာအနီးတွင်လည်းကောင်း၊ စစ်တပ်လက်အောက်ခံ BGF မှ ဗိုလ်တင်ဝင်းက ဒေါန တောင်ခြေ သစ်ကတေ့ကျေးရွာနှင့်ပတ်ဝန်းကျင်တွင်လည်းကောင်း ကျားဖြန့် အဆောက် အအုံအသစ်များ အရှိန်အဟုန်ဖြင့် တည်ဆောက်ကာ ကျားဖြန့်လုပ်ငန်းများ လည်ပတ်နေပြီဖြစ်ကြောင်း သိရှိရသည်။




