32.8 C
Yangon

ချောက်မြို့နယ်တွင် ကင်းလှည့်ရန် ထွက်လာသော စစ်ကား ၁ စီးကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ဗိုလ် ၁ ဦး အပါအဝင် ၁၀ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၀

မကွေးတိုင်း၊ ချောက်မြို့နယ်တွင် ကင်းလှည့်ရန် ထွက်လာသော စစ်ကား ၁ စီးကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ဗိုလ် ၁ ဦး အပါအဝင် ၁၀ ဦးသေဆုံးခဲ့ကြောင်း မကွေးခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့ ချောက်မြို့ပေါ် ဗိုလ်အိမ် (၆၀) စစ်ကြောရေးစခန်းမှ ကင်းလှည့်ရန် ထွက်လာသော စစ်ကား ၁ စီးကို တော် လှန်ရေးတပ်ဖွဲ့များက ကျောက်ပန်းတောင်း – ချောက် အမှတ် ၂ ပြည်ထောင်စုလမ်းပိုင်း တစ်နေရာတွင် စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း ကားပေါ်တွင် လိုက်ပါလာသော စစ်တပ်ဘက်မှ ဗိုလ် ၁ ဦး အပါအဝင် ၁၀ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကာ ၎င်းတို့ စီးနင်းလာသော စစ်ကားမှာလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း၊ တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်သားများထံမှ လက်နက်များကောက်ယူနိုင်ရန် လုပ်ဆောင်စဉ် စစ်တပ်ဘက်မှ စစ်ကူ အများအပြားရောက်ရှိလာ၍ တော်လှန်ရေး တပ် ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

“စစ်ခွေး သေစာရင်းက စစ်ဗိုလ် ၁ ဦး အပါအဝင် ၁၀ ဦးတော့ သေဆုံးပါတယ်။ အတွင်းက သတင်းပေးလို့ အတိအကျ သိရပါတယ်။ အများအပြား ထိခိုက်ဒဏ်ရာရပါတယ်။ အနီးကပ်ပစ်ခဲ့ရတာပါ။ လက်နက်တွေ သွားယူတာမှာ စစ်ကူအင်အားတွေ တန်းရောက်လာလို့ မယူခဲ့လိုက်ရပါဘူး။ ချောက်မြို့နယ် ဗိုလ်အိမ် ၆၀ စစ်ကြောရေး စခန်းကနေ ကင်းလှည့်နေတဲ့ စစ်ခွေးကား ၁ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ ​စစ်​ခွေးကား​တွေနဲ့ အနီးကပ်မလိုက်ဖို့ ပြည်သူ​တွေ မှာကြားလိုပါတယ်” ဟု မကွေးခရိုင် စစ်ဌာန မကွေးခရိုင် အမှတ် ၁ တပ်ရင်း မှ တာဝန်ရှိသူကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မကွေးခရိုင်အမှတ် ၁ တပ်ရင်း၊ မကွေးခရိုင် အမှတ် ၃ တပ်ရင်းနှင့် SR- 7 (မကွေးတိုင်း အထူးလှုပ်ရှား တပ်ရင်း -၇ ) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် တိမ်းမှောက်နေသော စစ်ကား ၁ စီး။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article