32.8 C
Yangon

ပခုက္ကူတွင် စစ်ကြောင်းထိုးနေသော စစ်တပ်က စစ်ရှောင်ပြည်သူများနေထိုင်သည့် တောတိုက်များကို မီးရှို့ဖျက်ဆီး၊ ဝက်လက်တွင်လည်း စစ်တပ်က ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ ရွာလုံးကျွတ် တိမ်းရှောင်နေရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၀

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က စစ်ရှောင်ပြည်သူများနေထိုင်သည့် တောတိုက်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူနှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ပခုက္ကူမြို့နယ်၊ အောက်ကျင်းစုရွာကို ရောက်ရှိလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဖလံအိုးစစ်ရှောင်ပြည်သူများ နေထိုင်သည့် တောတိုက်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးမှု အခြေအနေကို အတည်မပြုနိုင်သေးဘဲ စစ်တပ်က ဆက်လက် စစ်ကြောင်းထိုးနေဆဲဖြစ်၍ ပြည်သူများဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ငဖောင်ကန်ရွာ၊ တဲကုန်းရွာ၊ ထန်းပင်ကန်ရွာ၊ ဆယ်ပင်စုရွာ ၊ အောက်ကျင်းစုရွာ၊ တမာပင်ရွာ ၊ ကျပ်ပြည့်ရွာများ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပြီး ပြည်သူများ ဖမ်းဆီးခံရမှု ရှိ၊မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“ပခုက္ကူမြို့နယ် နဘုန်းကန်ပျူစောထီးရွာကနေ ထွက်လာတဲ့ စစ်ခွေးတွေက မနေ့က ညနေပိုင်းမှာ ဖလံအိုးစစ်ရှောင်တွေနေထိုင်တဲ့ တောတိုက်တွေကို မီးရှို့ဖျက်ဆီးသွားတယ်။ ခွေးကြောင်းက အခုထိရှိနေသေးတော့ ပျက်စီးမှု အခြေအနေကို မသိရသေးဘူး။ ပြည်သူတွေလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်” ဟု မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဇန်နဝါရီလ ၁၅ ရက်နေ့ နှင့် ဇန်နဝါရီလ ၁၆ ရက်နေ့ကလည်း မြိုင်မြို့နယ်ရှိ နှောပင်ကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး အသက် ၇၀ နှစ်အရွယ် အဖွားအို ၁ ဦးကို မီးရှို့သတ်ဖြတ်ကာ နေအိမ် အလုံး ၇၀ ကျော် မီးရှို့ခဲ့ကြောင်းသိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်နေ၍ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း Wetlet Informational Network ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် စဉ့်ကူးမြို့နယ် အနောက်တောင်ခြမ်း ကြက်တူရွေးရွာဘက်တွင် ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ၈၁ မမ လက်နက်ကြီးများဖြင့် ဝက်လက်မြို့နယ် အရှေ့ခြမ်း တောင်ရိုးဘက်ကို ရမ်းသမ်း ပစ်ခတ်နေခြင်းဖြစ်ကြောင်း၊ ထိုသို့ ပစ်ခတ်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ကျေးရွာများအတွင်း လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲမည်ကို စိုးရိမ်သောကြောင့် ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း သိရသည်။

အလားတူ ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ ကမ်းဖြူရွာနှင့် မှော်ဦးရွာကိုလည်း အင်အား ၁၅၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ရွာသစ်ရွာ၊ ရေဂမိုးရွာ တို့ကိုလည်း အင်အား ၂၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက စစ်ကြောင်းထိုးနေ၍ ထုံးဘိုရွာ ၊ ရှားကွဲရွာ ၊ ရေဂမိုးရွာ ၊ ရွာသစ်ရွာ ၊ လှေပို့ဆိပ်ရွာ ၊ သစ်ဆိပ့်ရွာ ၊ ကူကြီးရွာ ၊ ငါးပတ်ချောင်းရွာ ၊ သရက်ပင်ရွာ ၊ ရေလည်မော်ရွာ ၊ မှော်ဦးရွာ ၊ ကမ်းဖြူရွာ ၊ ရွာသာရွာ ၊ မင်းရွာတောင်ရွာ ၊ အင်ဒေါင်းရွာ ၊ ရှိမ်းမကားရွာ ၊ ငါးရယ်ရွာ ၊ ဆည်တောရွာနှင့် ငါးတိုက်တောင်ရွာမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့ကလည်း ဝက်လက်မြို့နယ် အရှေ့ခြမ်း ညောင်ကန်ရွာတွင် စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော စာသင်ကျောင်းကို တံတားဦးလေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးက ပေါင် ၂၀၀ ဗုံး ၄ လုံးကျဲချ တိုက်ခိုက်ကာ စက်လက်များဖြင့်ပါ ပစ်ခတ်ခဲ့ကြောင့် စာသင်ကျောင်းတွင် နေထိုင်သော အသက် ၃၀ ကျော် အရွယ် စစ်ဘေးရှောင် အမျိုးသမီး ၁ ဦးသေဆုံးကာ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းဆောင် ၂ လုံးနှင့် နေအိမ် ၁ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် နွား ၁ကောင် သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article