ရန်ကုန်၊ ဇန်နဝါရီ ၂၀
အပြည်ပြည်ဆိုင်ရာတရားရုံး-ICJတွင် လူမျိုးသုဉ်းသတ်ဖြတ်မှုဟူသည် နိုင်ငံ တစ်ခုအပေါ် စွပ်စွဲနိုင်သည့် အပြင်းထန်ဆုံး စွပ်စွဲချက်များအနက် တစ်ခုဖြစ်သဖြင့် တော်သင့်ရုံထိန်းသိမ်းမှုဖြင့်သာ ပြုလုပ်သင့်ကြောင်း မြန်မာစစ်တပ်ရှေ့နေ Mr.Christopher Staker လျှောက်လဲသည်။
ဇန်နဝါရီ ၁၉ ရက်နေ့ ပထမအကျော့ လျှောက်လဲခြင်းကို လုပ်ဆောင်စဉ် မြန်မာအကြမ်းဖက်စစ်တပ်၏ ရှေ့နေက ထိုသို့ လျှောက်လဲခဲ့ခြင်းဖြစ် သည်။
ဂမ်ဘီယာက တင်သွင်းသည့် ကိုးကားအားထားသော စာရွက်စာတမ်းများမှာ သက်သေခိုင်လုံမှု မရှိကြောင်း မြန်မာစစ်တပ်၏ ရှေ့ နေက ထပ်တ လဲလဲ လျှောက်နေသော်လည်း တစ်ဖက်တွင်မူ လူမျိုးသုဉ်းသတ်ဖြတ်မှုဟူသည် နိုင်ငံ တစ်ခုအပေါ် စွပ်စွဲနိုင်သည့် အပြင်းထန်ဆုံး စွပ်စွဲချက်များအနက် တစ်ခုဖြစ်သဖြင့် တော်သင့်ရုံထိန်းသိမ်းမှုဖြင့်သာ ပြုလုပ်သင့်သည်ဟု တင်ပြပြောဆိုလာခြင်းဖြစ်သည်။
ဂမ်ဘီယာ၏ လျှောက်လဲချက်များတွင် ကိုးကားထားသည့် နောက်ဆက်တွဲများပါ စာရွက်စာတမ်းအထောက် အထားများသည် ခိုင်လုံမှုလုံးဝမရှိဟု မြန်မာနိုင်ငံက တုံ့ပြန်ထားပြီးဖြစ်ပါကြောင်း၊ ဂမ်ဘီယာက ကိုးကားထားသည့် အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) နှင့် အခြားအဖွဲ့အစည်းများ၏ အစီရင်ခံစာများ၊ သတင်းဆောင်းပါးများပါ အချက် အလက်များသည်လည်း ဘင်္ဂလားဒေ့ရှ်ရှိ စခန်းများမှရရှိသော သတင်းအချက်အလက်များအပေါ်တွင်သာ အလွန်အမင်း အခြေခံထားပါကြောင်း၊ ဂမ်ဘီယာသည် အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ၏ အစီရင်ခံစာပါ တွေ့ရှိချက်များကို အပြီးသတ်စီရင်ပြီးသားကိစ္စ (Res judicata) ကဲ့သို့ တရားရုံးကလက်ခံရန် တောင်းဆိုနေသည့်အပြင် မြန်မာနိုင်ငံက ထောက်ပြသည့်အချက်အပေါ် အသေးစိတ်ချေပခြင်းလည်းမရှိပါကြောင်း၊ လူမျိုးသုဉ်းသတ်ဖြတ်မှုဟူသည် နိုင်ငံတစ်ခုအပေါ် စွပ်စွဲနိုင်သည့် အပြင်းထန်ဆုံး စွပ်စွဲချက်များအနက် တစ်ခုဖြစ်သဖြင့် တော်သင့်ရုံထိန်းသိမ်းမှုဖြင့်သာ ပြုလုပ်သင့်ပါကြောင်း Mr.Christopher Staker ကလျှောက်လဲသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော အခြေအနေများမှာ ARSA အဖွဲ့၏ တိုက်ခိုက်မှုကို ပြန်လည် တိုက်ခိုက်သည့် နယ်မြေရှင်းလင်းရေးနှင့် အကြမ်းဖက်တိုက်ဖျက်မှုရေးသာဖြစ်ကြောင်း မြန်မာစစ်တပ်၏ ရှေ့နေများက ICJ တရားရုံးတွင် အကြိမ် ကြိမ် လျှောက်လဲတင်ပြနေကြသည်။




