ရန်ကုန်၊ ဇန်နဝါရီ ၂၀
အကြမ်းဖက် စစ်တပ်သို့ ဝင်ရောက်သူများမှာ မိမိသဘောဆန္ဒဖြင့် ဝင်လာသူများဟု မင်းအောင်လှိုင် ပြောသော်လည်း နိုင်ငံတစ်ဝန်း စစ်မှုထမ်းဥပဒေဖြင့် စစ်သား စုဆောင်း ပေါ်တာဆွဲမှုများ ဖြစ်ပေါ်နေကြောင်း Spring Revolution Database (SRD) အစီရင်ံခံစာအရ သိရှိရသည်။
ယမန်နေ့ ကျိုင်းတုံမြို့နယ်တွင် ပြုလုပ်သော တပ်နယ်တွေ့ဆုံတွင် အကြမ်း ဖက် မင်းအောင်လှိုင်က စစ်တပ်အတွင်းသို့ ဝင်ရောက်သူများမှာ မိမိတို့၏ သဘောဆန္ဒဖြင့် ဝင်ရောက်လာသူများဖြစ်သည်ဟု ပြောဆိုခြင်းဖြစ်သည်။
“တပ်မတော်သို့ ဝင်ရောက်တာဝန်ထမ်းဆောင်ကြသူများသည် မိမိတို့၏သဘောဆန္ဒအလျောက် ဝင်ရောက်လာကြခြင်းဖြစ်ကြောင်း၊ ထိုသို့ မိမိတို့ နိုင်ငံတော်ကိုကာကွယ်လိုသည့်စိတ်ဖြင့် ဝင်ရောက်လာကြသည့် တပ်မတော်သားများအားလုံးကို မိမိအနေဖြင့် အသိအမှတ်ပြုကြောင်း” မင်းအောင်လှိုင်က ပြောဆိုသည်။
သို့ရာတွင် Spring Revolution Database (SRD)က ထုတ်ပြန်သော ၂၀၂၅ ခုနှစ်အတွက် အစီရင်ခံစာတွင် စစ်မှုထမ်းဥပဒေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးမှုများနှင့်စစ်သားစုဆောင်းမှုများဖြစ်ပေါ်ခဲ့ကြောင်း ဖော်ပြထားသည်။
စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်ဖမ်းဆီးခံရသည့်အရပ်သားပြည်သူအရေအတွက်မှာ ၂၀၂၅ ခုနှစ်၊ ဇန်နာဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အတွင်း အရပ်သားပြည်သူ ၆,၄၄၀ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း၊ ကျေးရွာတွင်ဖမ်းဆီးခံရသူ ၃,၃၇၈ ဦး၊ မြို့ပြတွင်ဖမ်းဆီးခံရသူ ၂,၄၉၆ ဦးနှင့် လမ်းခရီးတွင်တနေရာတွင် ဖမ်းဆီးခံရသူ ၅၆၆ ဦးရှိကြောင်း သိရှိရသည်။
ယင်းအပြင် အကြမ်းဖက်စစ်ကော်မရှင်က ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံအနှံ့အပြား၌ အကြိမ်ရေ ၈၄ ကြိမ်အထိ အရပ်သားပြည်သူ များအား ပေါ်တာဆွဲခဲ့ကြောင်း၊ စစ်ကိုင်းတိုင်းတွင် ပေါ်တာဆွဲသည့် အကြိမ်ရေ ၂၆ ကြိမ်အထိအများဆုံးလုပ်ဆောင် ခဲ့ပြီး မွန်ပြည်နယ်တွင် ၁ ကြိမ်ခန့်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ယင်းအပြင် စစ်ကြောင်းထိုး၍လည်း လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများရှိကြောင်း Spring Revolution Database (SRD)က ဆိုသည်။
၂၀၂၅ ခုနှစ်၊ ဇန်နာဝါရီလ ၁၇ ရက် နေ့ နံနက်အစောပိုင်းအချိန်တွင် အကြမ်းဖက်စစ်ကော်မရှင်သည် ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဆယ်ကျေးရွာ၊ ဆင်မြင့် ကျေးရွာနှင့် မီးချောင်းတင်ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ၉ တန်းကျောင်းသား ၁ ဦး အပါအဝင် လူငယ် (၂၀) ကျော်ကို ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း၊ မတ်လ ၁၂ ရက်နေ့တွင်လည်း မန္တလေးတိုင်း၊ ရမည်းသင်းမြို့၊ ရွှေမြင်တင်တောင်ဘုရားပွဲသို့ လာရောက်လည်ပတ်သည့်လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
အလားတူ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှုးစိန်ဝင်းမြင့်နှင့် အရပ်ဝတ်စစ်သားအချို့က နေ့ခင်းအချိန်၌ပင်လူငယ် ၆ ဦးကို ပေါ်တာဆွဲဖမ်းဆီးခဲ့ပါကြောင်း၊ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင်လည်း စစ်ကိုင်း တိုင်း၊ မုံရွာမြို့ပေါ်၌ အလုပ်သွားအလုပ်ပြန်လာသည့် လူငယ် ၄၀ ခန့်ကို ပေါ်တာဆွဲဖမ်းဆီးပြီးနောက် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ စုဆောင်းရေးတပ်သို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။
စစ်မှုထမ်းရမည့်သူ ထွက်ပြေးတိမ်းရှောင်သွား၍ အစားထိုးဖမ်းဆီးခြင်းများလည်း လုပ်ဆောင်ပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့၊ ည (၈) နာရီခန့်အချိန်တွင် အကြမ်းဖက်စစ်တပ်က ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ရှမ်းစု ကျေးရွာမှလူငယ်အချို့ကို စစ်မှုထမ်းတာဝန်ထမ်းဆောင်ရန် လာရောက်ခေါ်ဆောင်ဖမ်းဆီးရာတွင် စစ်မှုထမ်းစာရင်း တွင်ပါဝင်နေသော လူငယ်များမရှိလျှင် အိမ်တွင်ရှိသူများကို အစားထိုးဖမ်းဆီးသွားကြော်ငး သိရှိရသည်။
ယင်းအပြင် မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှု ၁ ရပ်ကွက်တွင် စစ်မှုထမ်းစာရင်းပါသူ အကိုဖြစ်သူကိုမတွေ့ရှိ၍ အသက်မပြည့်သေးသည့်ညီဖြစ်သူကို ၂၀၂၅ ခုနှစ် မေလ ၃၁ ရက်နေ့၊ ည ၉ နာရီခန့်တွင် ဖမ်းဆီးခဲ့ပါကြောင်း ၊ ၂၀၂၅ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင်လည်း ဧရာဝတီ တိုင်း၊ ပန်းတနော်မြို့နယ် ယုန်ဒေါအုပ်စု၊ ညောင်တရာကျေးရွာ၊ ရွာသာကြီးကျေးရွာနှင့် ကန်စုကျေးရွာရှိ စစ်မှုထမ်း မဲပေါက်သူများ ထွက်ပြေးတိမ်းရှောင်သွားသောကြောင့် မဲမနှိုက်ရသေးသည့် အသက် ၁၈ နှင့် အသက် ၃၅ နှစ်အတွင်းရှိ လူငယ် အယောက် ၃၀ ကျော်ကို အဓမ္မဖမ်းခေါ်သွားကြောင်း သိရှိရသည်။
စစ်မှုထမ်းဥပဒေကြောင့်မိမိကိုယ်ကိုအဆုံးစီရင်ခြင်းများလည်း ၂၀၂၅ ခုနှစ်အတွင်းဖြစ်ပွားခဲ့ပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၌ စစ်မှုထမ်းစာရင်းပါသည့် လူငယ်တဦးသည် မိမိကိုယ်မိမိ ကြိုးဆွဲချပြီး သတ်သေသွားခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင်လည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ သာယု ကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ပအိုဝ်းပြည်သူ့စစ်(PNO)မှ စစ်မှုထမ်းရန်ခေါ်ဆောင်ခံထားရသည့် လူငယ် တဦးသည် မိမိကိုယ်ကို ကြိုးဆွဲချသတ်သေသွားကြောင်း သိရှိရသည်။
အလားတူ ၂၀၂၅ ခုနှစ် မေလ ၅ ရက်နေ့၊ နံနက် ပိုင်းအချိန်တွင် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွင် စစ်မှုထမ်းဆင့်ခေါ်ခံရသည့် အသက် ၂၃ နှစ် အရွယ် မောင်ကျော်ကိုကိုခန့်သည် ကြိုးဆွဲချ အဆုံးစီရင်သွားခဲ့ကြောင်း၊ ဇူလိုင်လ ၅ ရက်နေ့တွင် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ အုတ်ကျင်း စစ်ကြောရေးတွင် စစ်မှုထမ်းရန်အတွက် ပေါ်တာဆွဲဖမ်းဆီးခံထားရသည့် စိတ်ရောဂါခံစားနေရသူ (၁) ဦး သည် ဇူလိုင်လ (၉) ရက်နေ့၊ မွန်းလွဲ (၃) နာရီခန့်အချိန်တွင် စစ်ကြောရေးရိပ်သာ နှစ်ထပ်အဆောင်တခုပေါ်မှ ခုန်ချ ပြီးသတ်သေသွားကြောင်း သိရှိရသည်။
၂၀၂၅ ခုနှစ် နိုဝင်ဘာလ (၃) ရက်နေ့တွင် ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်၊ ကျုံရပ်ကျေးရွာ အကြမ်းဖက်စစ်ကော်မရှင် လက်အောက်ခံ အုပ်ချုပ်ရေးမှုး ကျော်မင်းထွန်း၊ ရာအိမ်မှုး ဝင်းနိုင်တို့အဖွဲ့သည် ကျုံရပ် ကျေးရွာတွင်နေထိုင်သော ကိုဆန်းထွဋ်ကို စစ်မှုထမ်းဆင့်ခေါ်စာဖြင့် ငွေညှစ်တောင်းခံသောကြောင့် နိုဝင်ဘာလ (၅) ရက်နေ့တွင် ကိုဆန်းထွဋ်သည် ကျုံရပ်နှင့် မြင်းကဆိပ် ဆက်သွယ်ရေးလမ်းတွင် မိမိကိုယ်ကို ကြိုးဆွဲချပြီး အဆုံးစီရင် သွားခဲ့သည်ဟု သိရှိရသည်။
စစ်မှုထမ်းတပ်သားသစ်အဖြစ်စုဆောင်းပြီးရောင်းစားခြင်းများလည်း ၂၀၂၅ ခုနှစ်တွင် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားခဲ့ကြောင်း Spring Revolution Database (SRD) အစီရင်ခံစာက ဆိုသည်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည့် စစ်မှုထမ်းအပတ်စဉ် (၁၀) အတွက် ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာတွင်နေထိုင်သည့် ကိုမင်းမင်းအား အုပ်ချုပ်ရေးမှုးမှ စစ်မှုထမ်းရန်အတွက်ဟု ပြောဆိုပြီး ၎င်း၏ နေအိမ်မှသွားရောက်ခေါ်ယူပြီးနောက် ဓနုဖြူ ခြေမြန်တပ်ရင်း ၁၀၈ ကို ပို့ဆောင် ခဲ့ပြီး လူစားထိုး စစ်မှုထမ်းတပ်သားအဖြစ် ငွေကျပ်သိန်း ၆၀ ဖြင့် ရောင်းစားခဲ့ကြောင်း သိရှိရသည်။
ပဲခူးတိုင်း၊ နတ်တလင်းမြို့၊ ဇီးကုန်းကလေးရပ်ကွက် အုပ်ချုပ်ရေးမှုး တင်ဌေး နှင့် ရာအိမ်မှုး တင်လှသည် စိတ်ဝေဒနာရှင် မောင်စောရန်နိုင်ကို စက်တင်ဘာလ ၄ ရက်နေ့၊ နံနက် ၁၀ နာရီခန့်အချိန်တွင် ၎င်း၏နေအိမ်သို့ လာရောက်ဖမ်းဆီးပြီး နောက် စစ်မှုထမ်းတပ်သားအဖြစ် ရောင်းစားခဲ့ကြောင်း ၊ ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ အမှတ် ၉ ရပ်ကွက် အုပ်ချုပ်ရေးမှုးနှင့်အဖွဲ့သည် အသက် ၂၁ နှစ်အရွယ် မောင်ကျော်သက်ပိုင်ကို အောက်တိုဘာလ ၁၉ ရက်နေ့၊ ညပိုင်း အချိန်တွင် ပေါ်တာဆွဲဖမ်းဆီးပြီးနောက် အောက်တိုဘာလ ၂၀ ရက်နေ့၌ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့ရှိ စစ်မှုထမ်းလို အပ်နေသော ရပ်ကွက်တစ်ခုသို့ ငွေကျပ် ၁၂၅ သိန်းဖြင့် စစ်မှုထမ်းလူစားထိုးအဖြစ် ရောင်းစားခဲ့ကြောင်း သိရှိရသည်။
ယင်းကဲသို့ပင် အောက်တို ဘာလ ၂၉ ရက်နေ့တွင် ဧရာ၀တီတိုင်း၊ ဟိုင်းကြီးကျွန်းမြို့၊ အုပ်ချုပ်ရေးမှုး မင်းနိုင်က အမှတ် ၂ ရပ်ကွက်တွင် နေထိုင်သော အသက် (၃၀) အရွယ် လူငယ်တစ်ဦးကို လာရောက်ခေါ်ဆောင်သွားပြီး ရေကြည်မြို့နယ်ဘက်သို့ စစ်မှု ထမ်းအစားထိုးအဖြစ် ရောင်းချခဲ့ကြောင်း၊ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလပေါင်ကျေးရွာ အလယ်ပိုင်းတွင် နေထိုင်သည့် ဆယ်ကျော်သက် ကျောင်းသားလူငယ် (၂) ယောက်နှင့် အသက် (၂၀) အရွယ် အမျိုးသား (၁) ယောက်ကို ပွဲစားဆိုသူမှ ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ အကြမ်းဖက်စစ်တပ်စခန်းတစ်ခုဆီ ရောင်းစားခဲ့ကြောင်း သိရှိရသည်။




