ထိုင်းနိုင်ငံ၊ ကန်ချနပူရီတွင် ရန်ကုန်နှင့်ပဲခူးမှလာသော တရားမဝင် မြန်မာ ၈၆ ဦးကို ဖမ်းဆီးရရှိကြောင်း ထိုင်းသတင်းများက ဖော်ပြထားသည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်၊ ဆိုင်ယော့ (Sai Yok) မြို့နယ်အတွင်း၌ တရားမဝင် ဝင်ရောက်လာသည့် မြန်မာလုပ်သား ၈၆ ဦးနှင့် ၎င်းတို့ကို တင်ဆောင်လာသည့် မော်တော်ယာဉ် ၄ စီးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်သည်။
ထိုင်းအာဏာပိုင်များက နယ်စပ်မှတစ်ဆင့် တရားမဝင် မြန်မာအလုပ် သမား များ ဝင်ရောက်လာမည့် သတင်းကို ကြိုတင်ရရှိသဖြင့် လမ်း ကြောင်း များတွင် ပိတ်ဆို့စစ်ဆေးရန် ညွှန်ကြားခဲ့ကြောင်း၊ ယနေ့ မွန်းလွဲ ၂ နာရီ ၅ မိနစ်အချိန် ကန်ချနဘူရီ၊ ဆိုင်ယော့မြို့နယ်၊ ထာ့စောင်ကျေးရွာရှိ ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ မသင်္ကာဖွယ်ရာ ကား ၃ စီး ဝင်ရောက်သွားကြောင်း၊ အခြားကား ၁ စီးမှာ လမ်းမကြီးအတိုင်း မောင်းနှင်နေကြောင်း သတင်းရသဖြင့် အာဏာပိုင်များက လိုက်လံဖမ်းဆီးရာ ကား ၄ စီးလုံးကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်ဆေးချက်အရ ဖမ်းဆီးရမိသည့် မော်တော်ယာဉ်များမှာ Isuzu D-max ၂ စီး၊ Ford Ranger ၁ စီးနှင့် Toyota Revo ၁ စီးတို့ ဖြစ်ပြီးယင်းကား ၄ စီးပေါ်မှ မြန်မာလုပ်သား ၈၆ ဦး (အမျိုးသား ၅၇ ဦး၊ အမျိုးသမီး ၂၉ ဦး)တို့ကို ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။
ဖမ်းဆီးခံရသူများ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် မြန်မာနိုင်ငံရန်ကုန် တိုင်းနှင့် ပဲခူးတိုင်းတို့မှ လာကြသူများဖြစ်ပြီး ဘုရားသုံးဆူ နယ်စပ်တောလမ်းနှင့် ရေလမ်းကြောင်းများမှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ခိုးဝင်လာကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန်အတွက် ပွဲစားခအဖြစ် တစ်ဦးလျှင် ဘတ် ၁၂,၀၀၀ မှ ၂၀,၀၀၀ အထိ ပေးချေခဲ့ရကြောင်း၊ ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိသည့် မြန်မာလုပ်သားများနှင့် မော်တော်ယာဉ်များကို ဆိုင်ယော့မြို့နယ် ရဲစခန်းသို့ ပို့ဆောင်ထားပြီး ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။






