ရန်ကုန်၊ ဇန်နဝါရီ ၂၀
တနင်္သာရီတိုင်း၊ မြိတ်မြို့၊ အမှတ် ၇၆ ယာဉ်ထိန်းတပ်ဖွဲ့စုမှူး ရဲအုပ်အောင်အောင်ကို မုဒိမ်းမှုနှင့် ကာမလိမ်လည်ရယူမှုများစွာဖြင့် တိုင်ကြားထားသော်လည်း အထက်အရာရှိများက လာဘ်ငွေယူကာ ၎င်းကို ကာကွယ်ပေးနေကြောင်း ကာမလိမ်လည်မှုကို ကျူး လွန်ခံရသော အမျိုးသမီးငယ်တချို့က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
လက်ရှိ မြိတ်မြို့တွင် အမှတ် ၇၆ ယာဉ်ထိန်းတပ်ဖွဲ့စုတွင် ယာယီတပ်ဖွဲ့စုမှူး အဖြစ် တာဝန်ကျနေ သော ရဲအုပ်အောင်အောင်သည် ကား၊ ဆိုင်ကယ်များကို အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးလျက်ရှိ ကြောင်း၊ ထိုသို့ ဖမ်းဆီးပြီးနောက် ငွေကြေးမပေးနိုင်သည့် အမျိုးသမီးငယ်များကို ဖုန်းနံပါတ် တောင်း ယူကာ ဟိုတယ်၊ တည်းခိုခန်းများ၌ ချိန်းဆို၍ ကာမလိမ်လည်ရယူခဲ့ကြောင်း သိရသည်။
“ဆိုင်ကယ်၊ ကားတွေကို အကြောင်းအမျိုးမျိုးပြပြီး ဖမ်းတယ်။ ပြီးရင် မတရားငွေတောင်းတော့တာ၊ တချို့မိန်းကလေးတွေဆိုရင် ငွေမပေးနိုင်လောက်အထိ ခြိမ်းခြောက်ငွေတောင်းတာ၊ အဲလို မပေးနိုင် တော့ဘူးဆိုရင် ဖုန်းနံပါတ်တောင်းယူပြီး တည်းခိုခန်း၊ ဟိုတယ်တွေမှာ သူနဲ့အတူတူလာအိပ်ဖို့ ချိန်း တယ်။ သူ့မှာ မိန်းမလည်းရှိတယ်။ သားတစ်ယောက် သမီးတစ်ယောက်ရှိတယ်။ သူ့မိသားစုက ရန် ကုန်မှာနေတာ၊ သူက မြိတ်မှာနေပြီး အိမ်ထောင်ကွဲထားတာ၊ ဘာညာဆိုပြီး တချို့မိန်းကလေးတွေ ကိုလည်း ကာမလိမ်လည်ရယူတာမျိုးလည်းရှိတယ်။ပြီးတော့ KTV ကို မကြာခဏသွားပြီးပျော်ပါး နေ သူပါ” ဟု ကာမလိမ်လည်မှုကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရသော အမျိုးသမီးငယ်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ထိုသို့ ကျူးလွန်နေမှုများနှင့်ပတ်သက်၍ မခံနိုင်သော မိန်းကလေးငယ်များ သက်ဆိုင်ရာဌာန တာဝန်ရှိသူများထံသို့ တိုင်ကြားသော်လည်း အထက်အရာရှိများက လာဘ်ငွေ ယူကာ ကာကွယ်ပေးထားပြီး ရာထူးတိုးရန်ပင် ကူ ညီပေးနေကြောင်း၊ လက် အောက်ငယ်သားများ အပေါ်တွင်လည်း ခြိမ်း ခြောက်ကာ အနိုင်ကျင့်မှုများရှိကြောင်း သိရသည်။
“လက်အောက်ငယ်သားတွေအပေါ်မှာလည်း သူက ခြိမ်းခြောက်ထားတယ်။ မင်းတို့က လမ်းပေါ် ထွက်ဖမ်းတာ၊ ငါကိုယ်တိုင် လိုက်တာမဟုတ်တဲ့အတွက် ဘယ်သူဘာလုပ်ထားတယ်၊ ဘယ်သူက လိုင်စင်မဲ့ကားတွေကို ဘယ်လိုယူတာ။ ဘယ်လိုလုပ်တာပါဆိုပြီး အကုန်ဆွဲထည့်မယ်ဆိုပြီး ခြိမ်း ခြောက်ထားတာတွေရှိတယ်။ သူရဲ့ပြည်သူတွေအပေါ် မတရားလုပ်ထားတာ တွေ၊ ရုံးကလက်အောက် ငယ်သားတွေ အပေါ် မတရားလုပ်ထားတာတွေ အများကြီးပါပဲ” ဟု ယာဉ်ထိန်းသတင်းရင်းမြစ်တစ်ခုက ဆိုသည်။
ယာဉ်ထိန်း ရဲအုပ် အောင်အောင်မှာ မြိတ်တွင် လိုင်စင်မဲ့ကား အရောင်း အဝယ်၊ လိုင်စင်မဲ့ကား စီးနင်းခြင်းများအတွက်လည်း ဝန်ဆောင်ခနှင့်ဆက် ကြေးယူ လုပ်ဆောင်ပေးနေကြောင်း သိရှိရသည်။
အမှတ် ၇၆ ယာဉ်ထိန်းတပ်ဖွဲ့စုမှူး ရဲအုပ်အောင်အောင်မှာ ရဲသင်တန်း အပတ်စဉ် ၅၂ ကျောင်းဆင်းဖြစ်ကြောင်း သိရှိရသည်။






