စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး မြေပြင် စစ်ကြောင်းက ရွာသစ်ရွာကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ဝက်လက်မြို့နယ် အရှေ့ခြမ်းမြောက်ခြမ်းရှိ ထုံးဘိုရွာနှင့် ရှားကွဲရွာတို့ကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရွာသစ်ရွာကို ဝင်ရောက်စီးနင်း၍ ပြည်သူပိုင် နေအိမ်များကို ၂ ကြိမ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထိုအကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် မီးလောင်ပြာကျသွားသော နေအိမ် အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ပြည်သူများလည်း ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ငါးရယ် ၊ရှိမ်းမကား ၊ရှိမ်းမကားရွာသစ် ၊အင်ဒေါင်း ၊ မင်းရွာတောင် ၊ရွာသာ ၊ ကမ်းဖြူ ၊ မှော်ဦး ၊ ရေလည်မော် ၊သက်ရက်ပင် ၊ ငါးပတ်ချောင်း ၊ ဂူကြီး ၊ သစ်ဆိပ့် ၊ လှေပို့ဆိပ် ၊ ရွာသစ် ၊ ရေဂမိုး ၊ ရှားကွဲ နှင့် ထုံးဘို ကျေးရွာတို့မှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
ထို့ပြင် ဇန်နဝါရီလ ၁၅ ရက်နေ့ကလည်း စဉ့်ကူးမြို့နယ်နှင့် မတ္တရာမြို့နယ် အတွင်းရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဝက်လက်မြို့နယ်၊ ရေလည်မော်ရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်သည် ဝက်လက်မြို့နယ် အတွင်း လက်နက်ကြီးများ အပြင် အသေခံဒရုန်းများဖြင့်လည်း ကျေးရွာများကို နေ့စဉ် တိုက်ခိုက်ခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူများရှိကြောင်း သိရသည်။
“ပြည်သူတွေ ဖမ်းဆီးခံရတာတော့ မကြားမိသေးဘူး။ စစ်ခွေး မြေပြင် စစ်ကြောင်းကလည်း အရှေ့ခြမ်းမြောက်ခြမ်းကို ဒီနေ့ စစ်ကြောင်းထိုးလာပြီး ရွာသစ်ရွာကို ၂ ကြိမ် မီးရှို့ဖျက်ဆီးတယ်။ စစ်ခွေးစစ်ကြောင်းက ရွာအနီးမှာပဲရှိသေးတော့ ပျက်စီးမှု အခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူး။ ပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတာ တော်တော်များတယ်” ဟု Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဒီဇင်ဘာလပိုင်းမှ စတင်၍ ဝက်လက်မြို့နယ်အတွင်းရောက်ရှိလာကာ ကျေးရွာများကို ဆက်တိုက်စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ပြည်သူများမှာလည်း ထွက်ပြေးတိမ်းရှောင်နေရသည်မှာ ၁ လခန့်ကြာမြင့်နေပြီ ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ခုက အကြမ်းဖက် စစ်တပ်က ညအချိန် မီးရှို့ဖျက်ဆီးနေစဉ်(ပုံအဟောင်းဖြစ်သည်)




