ရန်ကုန်၊ ဇန်နဝါရီ ၂၁
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေ၍ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၆ ရက်နေ့မှ စတင်ပြီး မြင်းခြံမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ကျေးရွာနေပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ကြောင်း၊ ထို့နောက် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် နတ်ညွန်းရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ ၂၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပတ္တာရွာကို ထပ်မံ ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ်များကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် ရွာလုံးကျွတ် နီးပါး မီးလောင်ပြာကျခဲ့ပြီး ပြည်သူများလည်း ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် မြင်းခြံမြို့နယ်အတွင်းရှိ လေးဖျက်ခုံရွာ ၊ ပြည်တော်သာရွာ ၊ ဓားကျွန်းရွာ ၊ တန်စောင်းရွာ ၊ နတ်ညွန်းရွာ ၊ အောင်ဆန်းကုန်းရွာ ၊ နတ်ပေးကျွန်းရွာ ၊ ရဲကုန်းရွာ ၊ အောင်ပြည်စိုးရွာ နှင့် ပတ္တာကျေးရွာတို့မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများလည်း အရေးပေါ်လိုအပ်လျက်ရှိကြောင်း သိရသည်။
“ပြည်သူအများစုလည်း ဖမ်းခံထားရပါတယ်။ အရေအတွက်ကိုတော့ ကျနော်တို့လည်း မသိရသေးဘူး။ မြင်းခြံမြို့နယ်ထဲကို စစ်ခွေးတွေက စစ်ကြောင်းထိုးပြီး မီးရှို့နေတာပါ။ အဲစစ်ခွေး စစ်ကြောင်းက ၁၈ ရက်နေ့မှာ နတ်ညွန်းရွာ မီးရှို့ခံရတယ်။ ၂၀ ရက်နေ့မှာ ပတ္တာရွာကို ထပ်ပြီး မီးရှို့တယ်။ တစ်ရွာလုံးနီးပါး မီးရှိူ့ခံနေရတာပါ။ စစ်ရှောင်ပြည်သူတွေလည်း အကူညီလိုအပ်နေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။





