ရန်ကုန်၊ ဇန်နဝါရီ ၂၁
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူ၊ ကြိမ်ချောင်းကျေးရွာအနီးတွင် DKBA မှ ဗိုလ်အေဝမ်းက ကျားဖြန့်ဝင်းများစွာ ဆောက် လုပ်ပြီး တရုတ် ၅၀၀၀ နီးပါးကို ခိုလှုံခွင့်ပေးကာ အွန်လိုင်းငွေလိမ်လည်လုပ်ငန်းများကို ပြန်လည်လည်ပတ်ခွင့်ပေးနေကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မြ၀တီမြို့နယ်၊ KK Park ၊ မင်းလက်ပံနှင့် ရွှေကုက္ကိုလ်မြို့သစ်များမှ တိမ်း ရှောင်လာသော တရုတ်များကို DKBA မှ ဗိုလ်အေဝမ်းနှင့်အဖွဲ့က လက်ခံပြီးနောက် ဘုရားသုံးဆူ၊ ကြိမ်ချောင်းကျေးရွာအနီး တောတောင်များတွင် ကျားဖြန့်ဝင်းများစွာ တည်ဆောက်ကာ နေထိုင်ခွင့်နှင့် ကျားဖြန့် လုပ်ငန်းများ ပြန်လည် လည်ပတ်ခွင့်ပြုနေကြောင်း၊ အဆိုပါ ကျားဖြန့်လုပ်ငန်းများကို DKBA မှ ဗိုလ်အေဝမ်းက အခွန်ကောက်ခံလျက်ရှိကြောင်း သိရှိရသည်။
“ဘုရားသုံးဆူ၊ ကြိမ်ချောင်းကျေးရွာအနီးက ကျားဖြန့်ဝင်းက လပိုင်းအတွင်း တည်ဆောက်ထားတာ။ အဲဒီမှာ တရုတ် ၂၀၀၀ လောက်နဲ့ မြန်မာတွေရှိတယ်။ နောက်ပြီးတော့ တောတောင်တွေထဲမှာ ကျားဖြန့်ဝင်းတွေကို ဗိုလ်တင်ဝင်းအဖွဲ့တွေက ဆောက်လုပ်ရေးအဖွဲ့တွေနဲ့ အမြန်တည်ဆောက်နေတယ်” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။
အဆိုပါ ကျားဖြန့်ဝင်းများတွင် မူးယစ်ဆေးဝါးအသုံးပြုခန်းများ၊ KTV များ၊ ပြည့်တန်ဆာရုံများ၊ ဆေးခန်းများ၊ စတိုးဆိုင်ကုန်တိုက်များကို DKBA က ဖွင့်လှစ်ပေးထားပြီး ပြင်ပသို့ တရုတ်များနှင့် ကျားဖြန့်လုပ်သားများကို ထွက်ခွင့်မပြုကြောင်း သိရှိရသည်။
“ကျားဖြန့်ဝင်းက ၈ ခုလောက်ရှိတယ်။ DKBA ကပဲ လုံခြုံရေးယူပေးထားတာ။ ဝင်းထဲမှာ KTV ၊ ဆေးခန်း၊ ပြည့်တန်ဆာရုံ၊ စတိုးဆိုင် အကုန် စုံလင် အောင်ထားပေးထားတယ်။ ဝင်းဂိတ်တံခါးကြီးတွေကိုလည်း DKBA ကရဲဘော်တွေကပဲ လက်နက်ကိုင်ပြီး စောင့်နေတာ။ ကျားဖြန့်လုပ်ငန်းကြီးတွေဆီကတော့ အခွန်ကောက်တယ်။ အလုပ်သမားတွေဆီကတော့ လစာထဲကနေ တစ်ခါတည်း DKBA က ဖြတ်ယူတာ။ အလုပ်လာလျှောက်ရင် DKBA ဆီမှာပဲ စာရင်းပေးရတယ်။ ဝင်ခွင့်ထွက်ခွင့်ကဒ်ပြားတွေလုပ်ထားတယ်” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။
အဆိုပါ ကျားဖြန့်ဝင်းများတွင် လူကုန်ကူးခံထားရသော တရုတ်များစွာ ရှိနေပြီး ကျားဖြန့်တရုတ်သူဌေးနှင့် လုပ်ငန်းကြီးကြပ်သူများက နှိပ်စက်ညှဉ်းပန်းမှုများ လုပ်ဆောင်နေကြကြောင်း သိရှိရသည်။
“တရုတ်အချင်းချင်းကတော့ သတ်မှတ်ထားတာ မပြည့်မီရင် ရိုက်နှက်တယ်။ လက်တွေခြေထောက်တွေမှာ သွေးကျတဲ့အထိ ရိုက်တယ်။ အခန်း သံဇကာမှာ လက်ထိပ်ခတ်ပြီးတော့ ကျင်စက်နဲ့ တို့တာတွေမြင်နေရတယ်။ကျားဖြန့်ဝင်းထဲမှာ အကျဉ်းထောင်လည်းရှိတယ်။ ထောင်မှာတော့ ကရင်လုံခြုံရေးတွေက အလုပ်သတ်မှတ်ချက်မပြည့်မီတဲ့ တရုတ်တွေကို ရိုက်နှက်ကြတယ်။ တရုတ်ခေါင်းဆောင်တွေက ရိုက်ခိုင်းတာ” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ဆက်လက်ရှင်းပြသည်။
ကျားဖြန့်သူဌေးများနှင့် အလုပ်ကြီးကြပ်သူများမှာ မူးယစ်ဆေးဝါးသုံးစွဲကြပြီး မြန်မာမိန်းကလေးများကို ခေါ်ယူကာ ပျော်ပါးကြကြောင်း၊ ယင်းသို့ ပျော်ပါးရန်အတွက် DKBA ကပင် စီစဉ်ပေးကြောင်း သိရှိရသည်။
DKBA က ဘုရားသုံးဆူတွင် ၎င်းတို့ ဆောက်လုပ်နေသော ကျားဖြန့်ဝင်းများအတွင်းသို့ တရုတ်များ လာရောက်နိုင်ရေးအတွက် မြ၀တီမြို့နယ်မှ တရုတ်များကို သယ်ယူပို့ဆောင်ရေးများလည်း လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရှိရသည်။
၂၀၂၅ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းမှစတင်ပြီး ကျားဖြန့် တရုတ်အများအပြားမှာ မြ၀တီရှိ DKBA တပ်ဖွဲ့များ၏ သယ်ယူချိတ်ဆက်ပေးမှုများဖြင့် ဘုရားသုံးဆူဘက်သို့ ရောက်ရှိလာကြကြောင်း၊ ကျားဖြန့်တရုတ်များမှာ KK Park ၊ ရွှေကုက္ကိုလ်နှင့် မြ၀တီမြို့ပေါ်တို့မှဖြစ်ပြီး တရုတ် ၁ ဦးလျှင် ထိုင်းဘတ် ၅ သောင်းခွဲအထိ သယ်ယူပို့ဆောင်ခ စျေးပေါက်ကြောင်း သိရှိရသည်။
ဘုရားသုံးဆူမြို့သို့ ကျားဖြန့် တရုတ်များ ဝင်ရောက်နေရာတွင် နယ်မြေခံ စစ်တပ်ကလည်း ဂိတ်ကြေး ကောက်ခြင်း၊ လိုင်းကြေးနှင့် ဆက်ကြေး ရယူခြင်းနှင့် လိုအပ်သော စက်သုံးဆီ အပါအဝင် ရိက္ခာကုန်များကို သယ်ယူရန် လမ်းကြောင်းများ ဖွင့်ပေးခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။






