ရန်ကုန်၊ ဇန်နဝါရီ ၂၁
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ တုံးတံတားတွင်တာဝန်ကျနေသော ခလရ ၅၃ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် ၇ ဦး အလင်းဝင်ခဲ့ကြောင်း 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻 က သတင်းထုတ်ပြန်သည်။
ဇန်နဝါရီလ ၁၈ ရက်နေ့ ကျောက်ကြီးမြို့နယ်အတွင်း တုံးတံတားတွင်တာ ဝန်ကျနေသော ခလရ-၅၃ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် အသက် ၂၉နှစ်အရွယ် မောင်သီဟ၀င်း ၊ အသက် ၂၈ နှစ်အရွယ်မောင်ဆက်နိုင် ၊ အသက် ၂၈ နှဏ်အရွယ် မောင်မြင့်တင် ၊ အသက် ၃၅နှစ်အရွယ် မောင်အောင်ကို ၊ အသက် ၃၀နှစ်အရွယ် မောင်တင်အောင်မိုး ၊ အသက် ၂၆နှစ်အရွယ် မောင်သိန်းဇော်၀င်း နှင့် အသက် ၂၉နှစ်အရွယ် မောင်နေမျိုးဦး တို့ ၇ ဦးတို့မှာ တပ်မဟာ (၃) လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ရင်း (၃) ထံသို့ လက်နက်ချ အလင်း ၀င်လာခဲ့ခြင်း ဖြစ်သည်။
ထိုသို့လက်နက်ချအလင်း၀င်လာသည့် တပ်သားများသည် ၎င်းတို့၏ဆန္ဒမပါပဲ အတင်းအဓ္ဓမ စစ်မှုထမ်းစေခိုင်းခံ ရသူများ ဖြစ်ကြပြီး ၎င်းတို့ကို KNU-ကရင်အမျိုးသားအစည်းအရုံးမှ ကောင်းမွန်စွာ ထိမ်းသိမ်း စောင့်ရှောက်ထားကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်တွင်းရှိ အတင်းအဓ္ဓမစစ်မှုထမ်း စေခိုင်းခံရသူများအနေဖြင့် မိမိတို့နှင့်နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များထံသို့ အလင်း၀င်ရောက်လာ ကြပါရန် KNU က တိုက်တွန်းသည်။
CDM စစ်သည်၊ အရာရှိများဖြင့် ဖွဲ့စည်းထားသော ပြည်သူ့ပန်းတိုင်အဖွဲ့၏ မှတ်တမ်းများအရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်အတွင်း အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ၊ စစ်သုံ့ပန်း စကစအဖွဲ့ဝင် စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် စုစုပေါင်း ၈၀ ဦး ရှိခဲ့ကြောင်း၊ အလင်းဝင် ပူးပေါင်းသူ ၃၀ ဦးရှိပြီး အလင်းဝင်စစ်သား ၃၀ ဦးအနက် ၂၃ ဦးမှာ စစ်မှုထမ်းတပ်သားသစ်များဖြစ်ကြောင်း၊ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရရှိသူ ၅၀ ဦးရှိကြောင်း သိရှိရသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်းတွင်မူ အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၁၄၁ ဦး ရှိခဲ့ပြီး အလင်း ဝင်ပူးပေါင်းလာသူ စုစုပေါင်း ၃၉ ဦးနှင့် လက်နက်ချသူများ စုစုပေါင်း ၄ ဦး ရှိကြောင်း၊ စစ်သုံ့ပန်းဖမ်းဆီးခံရသူမှာမူ စုစုပေါင်း ၉၈ ဦး ရှိကြောငး ပြည်သူ့ပန်းတိုင်အဖွဲ့က ဆက်လက်ထုတ်ပြန်ထားသည်။




