24 C
Yangon

ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်သော KNA တပ်များနှင့် စစ်တပ်အကြား ဆက်ဆံရေးပြေလည်သွားပြီး ထမင်းလက်ဆုံစားသည့်အဆင့်အထိ ရောက်ရှိ၊ KNA ၏ကျားဖြန့် လုပ်ငန်းများ ပြန်လည်စတင်မှု အပေါ် စစ်တပ်က အနှောင့်အယှက်မပေးတော့

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၂

ကရင်ပြည်နယ်တွင် ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်သော KNA တပ်များနှင့် စစ်ကော် မရှင်တပ်များအကြား တင်းမာမှု မရှိတော့ဘဲ ထမင်းလက်ဆုံစားကြသည့်အထိ ဆက်ဆံရေးပြေလည်သွားပြီး KNA ၏ကျားဖြန့် လုပ်ငန်းများ အပေါ် စစ်တပ်က အနှောင့်အယှက်မပေးတော့ကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ စောချစ်သူ ဦးဆောင်သော BGF တပ်များက ကရင်အမျိုး သားတပ်မတော်-KNA အမှတ်တံဆိပ်သို့ ပြောင်းလဲလိုက်ကြောင်း၊ ထိုသို့ ပြောင်းလဲပြီးနောက် KNA တပ်များတွင် တပ်စွဲထားသော စစ်တပ်အရာရှိများနှင့်စစ်သည်များကို အကြမ်း ဖက်စစ်တပ်က ချက်ချင်း ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း၊ ထို့နောက် နှစ်ဖက် ညှိနှိုင်းမှုများ အကြိမ်ကြိမ် လုပ်ဆောင်ပြီးနောက် KNA တပ်များနှင့် စစ်တပ်အကြား ပြေလည်မှုနှင့် သဘောတူညီချက်များရရှိကာ ရွှေကုက္ကိုလ်မြို့သစ်တွင် ချစ်ကြည်ရေး ထမင်းလက် ဆုံစားပွဲ ကျင်းပသည်အထိ ပြေလည်မှု ရရှိခဲ့ကြောင်း သိရှိရသည်။

“၂၀၂၅ ခုနှစ် ၁၁ လပိုင်းစစ်တပ်ကရွှေကုက္ကိုလ်ရထိုက်မြို့သစ်ကိုဝင်စီးပြီး အခုထိရထိုက်မြို့သစ်ထဲတပ်ဆွဲထားပါသေးတယ်။ အစကKNAဘက်တံဆိပ်ပြောင်းတဲ့ကိစ္စနဲ့ ကျားဖြန့်ကိစ္စကြောင့်တင်းမာမှုရှိတော့မလိုလိုနဲ့ အခုတော့ ပြန်သင့်မြတ်နေပါပြီ။ ဘယ်လောက်အထိ သင့်မြတ်သွားသလဲဆိုရင် ရွှေကုက္ကိုလ်မှာ နှစ်ဖက်တပ်တွေ ထမင်းလက်ဆုံစားပွဲ ကျင်းပတဲ့အထိ ပြေလည် သင့်မြတ်သွားပြီ။ KNA အခု ပြန်လည် စတင်နေတဲ့ ကျားဖြန့် လုပ်ငန်းတွေကိုလည်း စစ်တပ်က ဘာအနှောင့်အယှက်မှ မပေးတော့ဘူး” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

လတ်တလော BGF မှ KNA သို့ အသွင်းပြောင်းထားသော ဗိုလ်မှူးကြီး စောချစ်သူနှင့်သားများ ထိန်းချုပ်ထားသော ရွှေကုက္ကိုလ်ရွာအတွင်း ကျားဖြန့်လုပ်ငန်းများ ပြန် လည်စတင်ပြီး တရုတ်နိုင်ငံသား ထောင်သောင်းချီ အလုပ် ပြန်လုပ်နေကြပြီဖြစ်ကြောင်း သိရှိရသည်။

“ရွှေကုက္ကိုလ်ရွာ၊ ကျင်းတီဆိုက်ထဲမှာ တရုတ်နိုင်ငံသား ထောင်သောင်းချီပေါ့။ ဒါက ကျနော်တို့ သိသလောက်၊ မသိတဲ့ ဆိုက်တွေလည်း အများကြီးနော်။ ကျင်းတီ ဆိုက်အပြင် KNA က အခြားနေရာတွေလည်း အများကြီး ကျားဖြန့်လုပ်ဖို့ နေရာတွေပြန်ချထားပေးတာ။ စစ်တပ်က အခု အဲဒါတွေကို သိတယ်။ ဘာမှ မလုပ်တော့ဘူး။ ရထိုက်မြို့သစ် (ရွှေကုက္ကိုလ်) မှာတော့တပ်က တပ်စွဲထားတယ်။ KNA တပ်တွေလည်း ပါတယ်။ သူတို့ ပြေလည်သွားကြတာ” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ဆက်လက်ရှင်းပြသည်။

အကြမ်းဖက်စစ်တပ်က ယမန်နှစ် နိုဝင်ဘာလအတွင်း KK Park ၊ ရွှေက္ကိုလ်၊ မြ၀တီမြို့ပေါ်တွင် စစ်တပ်က ကျားဖြန့်ဆိုက်များကို ဝင်ရောက် စီးနင်းလာပြီးနောက် ကျားဖြန့် နေရာအသစ်များကို အမြန်ချက်ချင်း တည် ဆောက်ခဲ့ကြောင်း၊ ဗိုလ်မှူးကြီးစောချစ်သူနှင့်သားများကလည်း ရွှေက္ကိုလ် မြို့သစ်အတွင်းမှ တရုတ်များကို ရွှေ့ပြောင်းပေးခဲ့ကြောင်း၊ ယခုအခါ ရွှေက္ကိုလ်ရွာအတွင်းတွင် ကျားဖြန့်လုပ်ငန်းများ ပြန်လည် လည်ပတ်နေကြောင်း၊ ယင်းရွှေက္ကိုလ်ကျေးရွာအတွင်းတွင် ကျားဖြန့် တရုတ်သောင်းချီရှိပြီး လုံခြုံရေး အထူးတင်းကျပ်ထားကြောင်း သိရှိရသည်။

ယင်းအပြင် KNA စောချစ်သူ၏ သားဖြစ်သူ စောထူးအယ်မှူးက ကျားဖြန့် တရုတ်များအတွက် လိုအပ်သော စက်သုံးဆီများ၊ Mytel အင်တာနက်လိုင်းနှင့်Star Link အင်တာနက်လိုင်းများကို တာဝန်ယူ ရောင်းချ တပ်ဆင်ပေးလျက်ရှိသည်။

အလားတူ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ဖလူးကျေးရွာအနီးတွင် ကျားဖြန့်များအတွက် ဖလူးမြို့သစ်ကို DKBA က တည်ဆောက်ပြီး လုပ်ငန်းများ စတင်လည်ပတ်နေ ကြောင်း၊ ယင်းအပြင် စောချစ်သူ၏ လက်ထောက် ဗိုလ်မောင်ဝင်းတပ်ဖွဲ့ကလည်း ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ကျော်ခို့ကျေးရွာအနီးတွင်လည်းကောင်း၊ စစ်တပ်လက်အောက်ခံ BGF မှ ဗိုလ်တင်ဝင်းက ဒေါန တောင်ခြေ သစ်ကတေ့ကျေးရွာနှင့်ပတ်ဝန်းကျင်တွင်လည်းကောင်း ကျားဖြန့် အဆောက် အအုံအသစ်များ အရှိန်အဟုန်ဖြင့် တည်ဆောက်ကာ ကျားဖြန့်လုပ်ငန်းများ လည်ပတ်နေပြီဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article