ရန်ကုန်၊ ဇန်နဝါရီ ၂၂
ထိုင်းနိုင်ငံ ချွန်ဘူရီ၊ ဖန်သောင်ခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်များသို့ ထိုင်းအာဏာပိုင်များက စီမံချက်ဖြင့် ဝင်ရောက်စစ်ဆေးရာတွင် တရားဝင်အလုပ်လုပ်ခွင့် ပါမစ်ရှိသည့် မြန်မာနိုင်ငံသားများ ကြောက်ရွံ့စွာ ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း ထိုင်းရောက် ရွှေ့ပြောင်းမြန်မာအလုပ်အလုပ်သမားများကို ကူညီပေးနေသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဇန်နဝါရီလ ၂၀ ရက်နေ့ ချွန်ဘူရီခရိုင်အတွင်း ထိုင်းရဲများ ဝင်ရောက် စစ်ဆေးစဉ်တွင် အလုပ်သမားအချို့သည် ရဲအရာရှိများကို မြင်သည်နှင့် ထိတ်လန့်တုန်လှုပ်စွာ ထွက်ပြေးရန် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
“မျိုးချစ်အဖွဲ့တွေက ဘာမှ မဆိုင်တဲ့ လူတွေကို ထိုးကြိတ်သွားတာတွေ ဝင်ဖမ်းနေတာတွေ ရှိတာမို့ အထောက်အထားရှိသူတွေပါ စိတ်မလုံခြုံမှုတွေ ကြောက်လန့်မှုတွေ ဖြစ်နေရတယ်” ဟု အေအေစီ ကိုရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ထိုင်းရဲအရာရှိများ စစ်ဆေးသည့် အလုပ်ခွင့်တွင် တရုတ်နိုင်ငံသားများကိုသာ တရားမဝင်အလုပ်လုပ်ကိုင်နေသည်ကို တွေ့ရှိရပြီး ၎င်းတို့ကို ဖမ်းဆီး၍ ဥပဒေအရ အရေးယူနိုင်ရန် လုပ်ဆောင်နေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံသားများအနေနှင့်သတိဝိရိယနှင့် နေထိုင်ရန်နှင့် လူမျိုးရေးအမုန်းတရားများ ဖန်တီးနေမှုများ ရှိနေသည့်အတွက် သတိဝိရိယနှင့် နေထိုင်ရန် လိုအပ်ကြောင်းလည်း ထိုင်းရောက် ရွှေ့ပြောင်းမြန်မာအလုပ်သများကို ကူညီပေးနေသူများက သတိပေးစကားပြောဆိုသည်။
“နေချင်သလို နေလို့ မရတော့ပါဘူး။ အခုအချိန်မှာ သတိကြီးကြီးထားဖို့ လိုပါတယ်။ အမှား သေးသေးကို အကြီးကြီးဖြစ်အောင် လုပ်မယ့် လူတွေရှိနေပါတယ်။ လူမျိုးရေးအမုန်းတရားဖန်တီးလာနိုင်တာတွေ ရှိတာမို့ သတိထားဖို့ လိုပါတယ်” ဟု အေအေစီ ကိုရဲမင်းက ပြောဆိုသည်။
ထိုင်းနိုင်ငံတွင် ထိုင်းနိုင်ငံသားတချို့နှင့် မြန်မာနိုင်ငံသားတချို့ ခိုက်ရန်ဖြစ်ပွားခြင်း၊ မဲဆောက်တွင် ထိုင်းရဲကို မြန်မာနိုင်ငံသားက ပစ်ခတ်ခြင်း၊ မြန်မာအချင်းချင်း ခိုက်ရန်ဖြစ်ပွားခြင်းများကြောင့် ထိုင်းမျိုးချစ်အဖွဲ့က မြန်မာနိုင်ငံသားများအပေါ် ပစ်မှတ်ထား စစ်ဆေးညှဉ်းပန်းမှုများ ဖြစ်ပေါ်လာနေကြောင်း ထိုင်းရောက် မြန်မာအလုပ်သမားများထံမှ သိရှိရသည်။






